နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့တော်ထိပ်ပန် မင်္ဂလာစေတီတော်  အထက်ဌာပနာသွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၂

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးစာသင် တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ နှင့် ပါဠိတက္ကသိုလ် မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက် ရောက်ကြသည်။

ဦးစွာ  အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ် ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ဌာပနာတော်များကို ဝဲကြီးစာသင်တိုက် ဆရာတော်ကြီး ထံ သာဟတ္ထိကဒါန မြောက်ဆက်ကပ်ပူဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်း အနား တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာ တရား နာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာ ဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြ သည်။

ထို့နောက် ပါဠိဆရာတော်ကြီးအမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ဌာပနာတိုက်တွင် တက်ရောက်နေရာယူပြီး အထက်ဌာပနာတိုက်ကိုဖွင့်လှစ်၍ ဆီမီးထွန်းညှိပူဇော်သည်။ ယင်းနောက် မင်္ဂလာ အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဌာပနာ တိုက်အတွင်းသို့ ဌာပနာတော်သွင်းလှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပတ်ဖျန်းပူဇော် သည်။

၎င်းနောက် ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများနှင့် ဒေသခံပြည်သူများက မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်တွင် တင်လှူပူဇော်၍ ပရိတ်နံ့သာရည် များ ပက်ဖျန်းကြသည်။

ထို့နောက် တာဝန်ရှိသူများက အရံစေတီတော်များအား အစီအစဉ်အတိုင်း ရွှေထီးတော်တင်လှူပူဇော်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီး တောင်ဘက်အရပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား  ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညို သည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက မြို့တော်ထိပ်ပန်မင်္ဂလာ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူ ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မဟာဗောဓိညောင်ပင်တော်ကြီး ပိုမို၍ တည်တံ့ခိုင်မြဲဝေစည်ရှင်သန် နိုင်စေရန်ရည်သန်၍ ပူဇော်ကြပြီး အမွေးနံ့သာရည်များပက်ဖျန်းပူဇော်သည်။ ယင်း နောက် မင်္ဂလာမော်ကွန်းကမ္ပည်း ကျောက်စာတော်ကို အမွှေးနံ့သာရေများပက်ဖျန်း ဖွင့်လှစ်၍ ရတနာရွှေခေါင်းလောင်းတော်ကို ထိုးခတ်ပူဇော်သည်။

အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။