နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လို

နေပြည်တော်၊ ဇန်နဝါရီ – ၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါ ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

        အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ဆွေးနွေးပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကို မဖြစ်မနေ ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း မှားယွင်းမှုများမှာ မည်သို့မျှ လက်ခံ၍ မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

          မိမိတို့အစိုးရ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏စီးပွားရေးမှာလည်း ကျဆင်းလျက်ရှိသည့် အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ်  – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိမိကိုယ်တိုင် ဦးစီး၍ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

          တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့နေရာများတွင်  တိုက်ပွဲများ ဖြစ်ပွားလျက်ရှိဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်း ပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူလူထု၏ အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

          မိမိတို့ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟူ၍ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက် သွားရမည်ကြောင်း။

          လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံ ယုံကြည်သည့် သူများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေး ရရှိသည်မှာ ၇၆ နှစ် ရှိပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိလွတ်လပ်ရေးရရှိသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုရှိသည့် နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှု မရှိသေးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများ အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ဖြေရှင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

          ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေး ပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏ မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင် ချမှတ် ဆောင်ရွက်ထားရန်လိုကြောင်း၊

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေ အရွယ်များအားလုံး ပညာသင်နိုင်ရေး၊ အလုပ်လုပ်နိုင်သူများ အားလုံး အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာသင်ကြားနိုင်သည့် အရွယ်တွင် ပညာသင်ကြားနိုင်မည်ဆိုပါက အသိပညာ၊ အတတ်ပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် နိုင်ငံအတွင်း ပညာသင်ကြားရမည့် အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။

          လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ် ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့ အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင် စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး  အနည်းဆုံး ၁၀ နှစ်လျင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခု ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျင် မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း။

          ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူ စနစ်ဖြင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့များနှင့်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

          ရွေေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာ ရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲ တစ်ရပ် ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတော် ကောင်းရာ ကောင်းကျိုးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီ အလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MSME စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး ပါတီများမှ ပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင် ပါတီများမှ ပါဝင် အားဖြည့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တိုင်းရင်းသားပြည်သူလူထု အားလုံး တိုင်းချစ်ပြည်ချစ်စိတ်များ တိုးတက်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်းကမ်း သတ်မှတ်ချက်များအနက် အချို့သောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ်ထွန်းကား ပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင်မာစွာ ဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေးပါတီများကို အခွင့်အလမ်းများ ဖော်ဆောင် ခွင့်ပြုပေးစေလိုမှု၊ ဒေသအလိုက်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပါတီရုံးများ ဖွင့်လှစ်ရာတွင် အခက်အခဲများရှိသည့်အတွက် နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးစေလိုမှု၊   သန်းခေါင်စာရင်းများမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့်ရရှိရေး၊ အခွင့်အရေးဆုံးရှုံးမှု မရှိစေရေး နိုင်ငံတော်မှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှုများကို အသီးသီး ဆွေးနွေးပြောကြားကြသည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ပါတီများကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့မှု အခြေအနေများ၊  သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့်အချို့ပါတီများကို ဖျက်သိမ်းခဲ့မှု အခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ဥပဒေသတ်မှတ်ချက်များ ပြည့်မီစေရေး ဆောင်ရွက်ရန် လိုအပ်မှုများကိုလည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိုင်ငံရေးပါတီများအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များအား ဖြေလျော့ပေးစေလိုမှု တင်ပြချက်များအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်းကောင်း၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးစစ်အေးက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးရာတွင် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ အနည်းငယ် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့မှု မရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အောင်မြင်မှုရှိအောင် တွန်းအားပေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများ ရရှိခဲ့မှု မရှိသည့်အပြင် စီးပွားရေး အရ ပိတ်ဆို့အရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှ ရရှိသည့် ငွေကြေးများဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရကြောင်း၊ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ပြည်တွင်းရေနံချက်စက်ရုံများ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

          ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီး မတည်ငွေများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ တင်ပြချက်များတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးနိုင်ရေးအတွက် မိမိတို့နိုင်ငံ၏ ရငွေ ဘက်ဂျက်အပေါ်တွင် မူတည်၍ မိမိတို့အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ ထောက်ပံ့ကြေးနှင့် ချီးမြှင့်ငွေများကို ဆောင်ရွက် ပေးထားကြောင်း၊

          နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက် စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီ တစ်ခုချင်းအလိုက် တင်ပြချက်များကို မိမိအနေဖြင့်  အလေးထား မှတ်သားထားရှိပြီး လုပ်ဆောင်ပေးနိုင်သည်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများ အားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တတ်နိုင်သရွေ့ ညီညီညွတ်ညွတ်  ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းဖြင့် ပြောကြားသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။