နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား  သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဧပြီ – ၂၂

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀  မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာ ရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရပြည်သူများအား နီးစပ်ရာဆေးရုံများသို့ ဆေးကုသမှုခံနိုင်ရေး ပို့ဆောင်ပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများနှင့် လေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်နှင့် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားကာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ ပြည်သူများအတွက် ထောက်ပံ့ငွေ များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျ ပြန်လည်ဖော်ဆောင်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေထိုင် နိုင်စေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေးအဆင်ပြေ စေရေးအတွက်လည်း လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား အလေးထား မှာကြားသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀) သို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လေဘေးသင့် ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။