နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး  ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်   ဇွန်   ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊Buryatia ပြည်နယ်သို့တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သောမြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲနေရာသို့ ရောက်ရှိကြရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ ၊ ဒုတိယပြည်နယ်အကြီးအကဲ နှင့်တာဝန်ရှိသူ များက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက နှုတ်ခွန်း ဆက်စကားပြောကြားရာ၌ အဆွေတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီး ချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်မှ လှိုက်လှဲနွေးထွေး စွာကြိုဆိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာဝေးသော်လည်း ရင်ဘတ်ချင်းနီး ကြပါကြောင်း၊ ကိုးကွယ်ရာဘာသာတရားချင်းလည်းတူညီမှုရှိကြပြီးအခြေခံဘာသာတရားတူ ညီနီးစပ် မှုမှအစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ Buryatia   ပြည်နယ်သို့ လာရောက်မှုအတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် စကားပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာ မိပါကြောင်း၊  ဗုဒ္ဓဘာသာကို    အများစုကိုးကွယ်သည့်ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထား ချင်းပိုမိုတိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာကူးလူးဆက်ဆံဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း။

ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စက်မှုနည်း ပညာဆိုင်ရာနှင့်အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့ Buryatia ပြည်နယ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးအစရှိသည့် နယ်ပယ်ကဏ္ဍ အသီးသီးတွင်  ဆက်လက်၍  ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆွေတော် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သား များအားလုံး ကျန်းမာချမ်းသာ၍ အဆင်ပြေချောမွေ့ပါစေ ကြောင်းကို ဆုမွန်ကောင်းတောင်းပါ ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲနှင့်တာဝန်ရှိသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း Buryatia ပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲတို့သည်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့် ပြည်နယ်အကြီးအကဲတို့၏   ဇနီးသည်လည်းကောင်း    အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။  ထို့နောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။