နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို လမ်းပြမြေပုံများရေးဆွဲ၍ စဉ်ဆက်မပြတ် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ် သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့်အတူ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ် Mr.Sergey Shatirov နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင်လွတ်လပ်ပြီး တရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့်ရွေးကောက်ပွဲကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင်နိုင်ငံတကာမှလည်းအသိအမှတ်ပြုအားပေးထောက်ခံလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုလမ်းပြမြေပုံများရေးဆွဲ၍စဉ်ဆက်မပြတ် အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ်၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်။