ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊  Astana International Financial Center (AIFC)သို့ သွားရောက်လေ့လာ 

နေပြည်တော် စက်တင်ဘာ  ၂၈

ကာဇက်စတန်နိုင်ငံသမ္မတ   H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်     အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Astana International Financial Center (AIFC)သို့   သွားရောက်ကြည့်ရှုလေ့လာသည်။

ယင်းနောက် (AIFC)  အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ၊ ကာဇက်စတန်နိုင်ငံ   စက်မှု လက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက (AIFC)ဆိုင်ရာအချက်အလက်များ၊  နည်းပညာတိုးတက်မှုမြင့်မားပြီးရင်းနှီးမြှုပ်နှံမှု၊   နည်းပညာဆန်းသစ်မှုဆိုင်ရာ  လုပ်ငန်းဆောင်ရွက် လျက်ရှိမှု၊ ကာဇက်စတန်နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များဖော်ဆောင်၍ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်း၊ နည်းပညာ ဆိုင်ရာတို့အပြင် စိတ်ချလုံခြုံစွာလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးထားမှု၊ မြန်မာနိုင်ငံနှင့်    ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလက်မှုနှင့် ကုန်သွယ်ရေး အလိုက် လုပ်ငန်းများဆောင်ရွက် လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ  Astana International Financial Center (AIFC)မှတာဝန်ရှိသူများသည်  စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် စင်တာအတွင်းရှိ Museum of Trust အတွင်း ကြည့်ရှုလေ့လာကြပြီး ရှင်းလင်း တင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။

  အဆိုပါ Astana International Financial Center (AIFC)သည် Astana မြို့တွင် တည်ရှိသည့် ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ကမ်းလှမ်းနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ Belt and Road Initiative (BRI)စီမံကိန်းတို့နှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိသည့်  ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်းဒေသမှအစပြု၍  အရှေ့အလယ်ပိုင်းဒေသ၊ တရုတ် နိုင်ငံ၊  မွန်ဂိုလီးယားနိုင်ငံများအထိ ကမ္ဘာအနှံ့ဖြန့်ကြက်နိုင်ရန်    ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များသည်    Baiterek သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦသို့ရောက်ရှိကြပြီး လှည့်လည်ကြည့်ရှု လေ့လာခဲ့ကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် သိရှိလိုသည်များပြန်လည် မေးမြန်းဆွေးနွေး သည်။

အဆိုပါ Baiterek  သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦလေ့လာရေးမျှော်စင်သည် ၁၉၉၇ ခုနှစ်တွင် ကာဇက်စတန်၏မြို့တော် အက်စတာနာအဖြစ် ပြောင်းရွှေ့မှုအဖြစ်  သင်္ကေတပြုသော သမိုင်းဝင် အဆောက်အဦဖြစ်ပြီး နိုင်ငံ၏သင်္ကေတနှင့် ခေတ်သစ်ဗိသုကာလက်ရာ၏ ထင်ရှားသောမှတ်တိုင် နေရာတစ်ခုဖြစ်သည့်အပြင် ကာဇက်စတန်လူမျိုးများ၏  ဘဝသစ်စတင်ရာနေရာတစ်ခုလည်း ဖြစ်ကြောင်း၊ Baiterek  သည်   အမြင့်  ၉၇  မီတာ (၃၁၈ ပေ)ရှိပြီး အပေါ်ဘက်တွင်ရှိသော ဖန်ဘောလုံး ကြီးအား  တိုင် ၅၀၀ ဖြင့်အောက်မှပင့်တင်ထားသည့်    ပုံစံမျိုး တည်ဆောက်ထားကာ ထောင့်အမျိုးမျိုးမှ ရုတ်တရက်ကြည့်မည်ဆိုလျှင် ရွှေဖြင့်ပြုလုပ်ထားသည်ဟုထင်ရကြောင်း၊  Baiterek ၏ ဒီဇိုင်းပုံကြမ်းကို  ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတ Mr. Nursultan Nazarbayev မှ လေယာဉ်ပျံသန်းနေသည့် အချိန် လက်ကိုင်ပဝါပေါ်တွင်  ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး  ယင်းလက်ကိုင်ပဝါကို   ပထမဆုံးသမ္မတ ပြတိုက်တွင် သမိုင်းဝင်အမွေအနှစ်အဖြစ် သိမ်းဆည်းထားကြောင်း၊ Baiterek မျှော်စင်၏ဒီဇိုင်းနှင့် သင်္ကေတများသည် လှည့်လည်နေထိုင်သွားလာသူများ၏ ရိုးရာယုံကြည်မှုများနှင့် နီးကပ်စွာဆက်စပ် နေပြီး Baiterek ဆိုသည်မှာ ကာဇက်ရိုးရာဒဏ္ဍာရီတွင် ရှင်သန်ခြင်းသစ်ပင်ကြီး (Tree of Life) ကို ရည်ညွှန်းထားကြောင်း၊     ဒဏ္ဍာရီအရ ဤသစ်ပင်ပေါ်တွင် Samruk ဟုခေါ်သော ဒဏ္ဍာရီလာငှက်ကြီး နေထိုင်ပြီး ရွှေဥဥကာ နေကိုကိုယ်စားပြု၍    ရှင်သန်ခြင်းနှင့် မျှော်လင့်ချက်ရောင်ခြည်ကို ပေးစွမ်းသည် ဟုသိရှိရကြောင်း၊ ထိုနည်းအားဖြင့် ကာဇက်လူမျိုးများသည်    အကောင်းနှင့်အဆိုး၏ ရုန်းကန်မှု၊   ရာသီများအပြောင်းအလဲကို နေ့ရောညပါ ပုံဖော်ကြကာ ဘိုင်တီရက်၏ထိပ်တွင် ၂၂ မီတာရှည်သော ရွှေဘောလုံးသည် ဒဏ္ဍာရီလာနေမင်းကို ကိုယ်စားပြုကြောင်း၊Baiterek  အထိမ်းအမှတ် အဆောက် အဦကို မြို့တော်၏ယဉ်ကျေးမှုဗဟိုချက်အဖြစ်   ဖန်တီးခဲ့ခြင်းဖြစ်ပြီး မြေအောက် ၄.၅ မီတာတွင် ငါးပြတိုက်၊ ကော်ဖီဆိုင်နှင့် ယဉ်ကျေးမှုစင်တာတစ်ခုရှိကာ ၃၄ လွှာရှိ “ရွှေဘောလုံး”တင်ထားသည့် နေရာ လေ့လာရေးမျှော်စင်မှ မြို့ပြ၏ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ဘာသာပေါင်းစုံ(၁၇)ခုမှ ကိုယ်စားလှယ်များသည်    Baiterek အထိမ်းအမှတ်   အဆောက်အ ဦတွင် ပထမဆုံးအကြိမ်အဖြစ်   ဆုတောင်းမှုပြုလုပ်ခဲ့ကြကြောင်း၊ ဘိုင်တီရက်သည် ကာဇက်စတန်၏ ယဉ်ကျေးမှု၊ ဒဏ္ဍာရီနှင့် ခေတ်သစ်တိုးတက်မှုတို့ကို ပေါင်းစပ်ထား သော အံ့ဖွယ်အဆောက်အဦ တစ်ခုဖြစ်ကာ ငြိမ်းချမ်းမှု၏    ပြယုဂ်တစ်ခုလည်းဖြစ် ကြောင်း၊ လာရောက်လေ့ လာကြသူများအနေဖြင့် လည်း Baiterek အထိမ်းအမှတ် အဆောက်အဦတွင်ဆု တောင်းမှုများကို ပြုလုပ်ကြကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။