ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း

သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ

မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ ၁၀၅ နှစ်မြောက်

အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

( ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

ချစ်ခင်လေးစားရပါသော  မိဘပြည်သူများနှင့်  ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျားယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခါသမယ၌    ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းခညောင်းပြီး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခတို့နှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။

ဤနေ့သည် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်ကျရောက်ခဲ့စဉ်က အင်္ဂလိပ်တို့၏ ကိုလိုနီကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံးက စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် အထိမ်းအမှတ်သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ကိုလိုနီခေတ်တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတို့ကို ၎င်းတို့၏ လက်အောက်ခံအဖြစ် ကျွန်သက်ရှည်စေရန် ပညာရေးစနစ်ကိုအသုံးချ၍ ဖိနှိပ်ခဲ့ကြပါသည်။

၁၉၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် ဗြိတိသျှအစိုးရက အတည်ပြုခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေသည် မြန်မာလူမျိုးအများစုတက္ကသိုလ် ပညာသင်ယူခွင့်ရရှိရေးကို ခက်ခဲစေရန်   ကန့်သတ်ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်၍ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများကစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ခဲ့ကြပါသည်။

ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့်နေ့မှာ မြန်မာသက္ကရာဇ် ၁၂၈၂  ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဖြစ်ပြီး မြန်မာတို့၏အမျိုးသား ဇာတိမာန်စိတ်များ နိုးကြားရှင်သန်ပေါ်ပေါက်ခဲ့ရသော နေ့ထူးနေ့မြတ် ပင်ဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့၊ ဂျူဗလီဟောခန်းမကြီး၌ ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ စည်းဝေးကျင်းပခဲ့သော ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီး၏ အထူးညီလာခံက တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို “အမျိုးသားနေ့” အဖြစ် တညီတညွတ်တည်း စတင်သတ်မှတ်ခဲ့ကြပါသည်။ ထိုအချိန်မှစ၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် စည်းလုံးညီညွတ်မှုသည်  စွမ်းအားဖြစ်ကြောင်း သက်သေပြကမ္ပည်းစိုက်ထူနိုင်ခဲ့ကြပါသည်။ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်မပျက် ခမ်းနားကြီးကျယ်စွာကျင်းပခဲ့ကြရာ ယခုဆိုလျှင် ၁၀၅ နှစ်တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော မိဘပြည်သူများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျားကျွန်တော်တို့အနေဖြင့် တွေ့ကြုံခဲ့ရသော အတိတ်နှင့် ပစ္စုပ္ပန်ဖြစ်ရပ်များကို သင်ခန်းစာရယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေး အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရပါမည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးလက်တွေ့အကောင်အထည်ဖော်တည်ဆောက်ရေးတွင် ပြည်သူတစ်ရပ်လုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ကြရေးမှာ အဓိကကျပါသည်။ သမိုင်းအစဉ်အလာ ကြီးမားသော အမျိုးသားအောင်ပွဲနေ့၏ စည်းလုံးညီညွတ်မှုအနှစ်သာရ ကို မပျက်ယွင်းစေဘဲ သတိရထိန်းသိမ်းလျက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စုစည်းမှုစွမ်းပကားဖြင့် ငြိမ်းချမ်းသာယာပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ကြရမည်ဖြစ်ပါသည်။

စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်ရန်မှာ ပြည်သူအားလုံး၏ဆန္ဒပင်ဖြစ်ပါသည်။ထိုသို့တည်ဆောက်ရန်အတွက်သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံးကပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုး၊ နိုင်ငံတော်၏အကျိုးကိုကြည့်၍ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်လိုပါသည်။

နိုင်ငံနှင့် ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ပါသည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၌ စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ချစ်ခင်လေးစားရပါသော  မိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျားနိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို  အကောင်အထည်ဖော်ရာတွင်  ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ ပညာရေးသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဖွံ့ဖြိုးစေသော အခြေခံအင်အားဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ဘဝတိုးတက်မှုကိုသာမက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ပေးနိုင်ပါသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ပညာရေးဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ပေးသွားကြရမည်ဖြစ်ပါသည်။ အဆိုပါကဏ္ဍများတွင် လိုအပ်သောလူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ကျောင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အလယ်တန်းပညာ ပြီးမြောက်ပြီးသူများကို စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊  မွေးမြူရေးအထက်တန်းကျောင်းများကို  တိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ထိုမှတစ်ဆင့် အသိပညာ၊ အတတ်ပညာနှင့် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့သားကောင်း ထူးချွန်ပညာရှင်များပေါ်ထွန်းလာစေရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဆရာ၊ ဆရာမများကလည်း ပညာသင်ကြားပေးရုံသာမက ဗလငါးတန်နှင့် ပြည့်စုံသော၊ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါသည်။ သို့မှသာ အသိပညာ အတတ်ပညာပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံတော်ကိုတည်ဆောက်သွားနိုင်မည်ဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော မိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျားနိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတ ပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်ကာ အမှားအမှန်ကိုခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုးအကျိုးသယ်ပိုးဆောင်ရွက်ရန် အရေးကြီးပါသည်။ ထို့ပြင် ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကိုဖြေရှင်းနိုင်စွမ်းကလည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်အသီးသီးတွင် များစွာအထောက်အကူပြုသော ပင်ကိုအရည်အချင်းများပင်ဖြစ်ပါသည်။

အသိပညာ အတတ်ပညာပြည့်စုံသော ပညာတတ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရပါမည်။ နိုင်ငံသားတိုင်းအခြေခံပညာသင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းပညာသင်ယူခွင့်ရရှိရေးနှင့် လူတိုင်းအကျုံးဝင်ပညာရေးကို အားပေးလျက်ရှိပါသည်။ အမျိုးသားပညာရေး မြှင့်တင်ရေးအတွက် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီမွမ်းမံပြင်ဆင်ခြင်း၊ ဆရာ ဆရာမများ သင်ကြားသင်ယူမှုအရည်အသွေးမြှင့်တင်ခြင်း၊ သင်ယူမှုအခွင့်အလမ်းများတိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကာ ပညာရေး အသုံးစရိတ်များကို နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားပညာရေးကိုမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ယနေ့ကာလသည် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အရေးကြီးသည့် အချိန်ဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံးလိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာ လျှောက်လှမ်း နိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို မကြာမီ စတင်ကျင်းပတော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်သဖြင့် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ချစ်ခင်လေးစားရပါသော မိဘပြည်သူများနှင့်ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျားအမျိုးသားအောင်ပွဲနေ့သည် မြန်မာပြည်သူ ပြည်သားအားလုံး၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဇာတိသွေး၊ ဇာတိမာန် ရှင်သန် ထက်မြက်တက်ကြွလာစေရန် သန္ဓေတည်ပေးခဲ့သော နေ့တစ်နေ့ဖြစ်ပါသည်။  ဤသို့ထူးခြားလေးမြတ်လှသည့် အမျိုးသားအောင်ပွဲနေ့၌ “စည်းလုံးချစ်ကြည်လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည်” ဆိုသည့်

၁၀၅နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်နှင့်အညီမြန်မာပြည်သူပြည်သားအပေါင်းတို့ကပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ သွေးစည်းညီညွတ်သော အမျိုးသားရေးအားမာန်များဖြင့် ထာဝရငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ရွှေပြည်သစ်ကြီးသို့ ပူးပေါင်းချီတက်သွားကြပါရန်   အလေးအနက်ထားတိုက်တွန်းနှိုးဆော်အပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ယခုနှစ်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များဖြစ်သည့်-

–        ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားပြည်သူ အားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊

–        အသိပညာ အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ် များဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရေး၊

–        အမျိုးသားပညာရေးကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊

–        အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး

တို့ကို   အောင်မြင်စေရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးက တွဲလက်ညီညီ စည်းလုံးညီညွတ် စွာဖြင့် ပူးပေါင်းပါဝင်ကြပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီးကို အောင်မြင်အောင် တည်ဆောက်ကြပါစို့ဟု အလေးအနက်တို က်တွန်းအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်