နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရတစ်ရပ်တည်းက ကြိုးပမ်းအကောင်အထည်ဖော်ရုံနှင့် ပြည့်စုံလုံလောက်မှုမရှိနိုင်၊ နယ်ပယ်ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်၊ သို့မှသာ မိမိတို့အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အချိန်တိုအတွင်းအကောင်အထည် ဖော်နိုင်ကြမည်ဖြစ်. . .
နေပြည်တော် ဇန်နဝါရီ ၄
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းသည်။


အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့်ဇနီး၊ ကော်မရှင်ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့သည်မိမိတို့နိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ရပ်ဖြစ်သည့်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြန်လည်ရယူခဲ့ပြီး လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ (၇၈)နှစ် ပြည့်မြောက်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်ယခုကဲ့သို့ လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပပြီး ဘွဲ့ခံပုဂ္ဂိုလ်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်အပ်နှင်းခွင့်ရသည့်အတွက် မိမိအနေဖြင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရသည်ကို ပြောကြားလိုကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အင်အားကြီး နိုင်ငံနှစ်ခုကြားတွင် တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်း နောက်ခံများနှင့်အတူ ပထဝီအနေအထားအရ အဓိကကျသည့်နေရာတွင် ရှိနေသည့်အပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများလည်းရှိနေကြကြောင်း၊ တည်ငြိမ်မှုရှိအောင်ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူပြီး အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ကြပြီး နိုင်ငံအတွက် ကောင်းသည့်အမွေကို ပေးခဲ့ကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့ကာလ၊ မိမိတို့ မျိုးဆက်များသည် နိုင်ငံအပေါ်သစ္စာရှိပြီး တာဝန်ကျေပွန်မည်ဖြစ်ကြောင်း။


ထိုသို့ အသက်တမျှအရေးကြီးလှသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်က တိုင်းရင်းသားပြည်သူများနှင့် တွဲလက် ညီညီသက်စွန့်ကြိုးပမ်းရင်ဆိုင်ကာကွယ်ခဲ့ကြကြောင်း၊ ထို့ကြောင့်လည်း ယနေ့အထိ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့နေခြင်းဖြစ်သည်ကို ဘွဲ့ခံပုဂ္ဂိုလ်ကြီးများ၊ ဧည့်သည်တော်ကြီးများ အားလုံးအသိပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လေးနက်စွာ ခံယူစောင့်ထိန်းကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းအားကို အားကောင်းစေသည့် စစ်မှန်စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးက အထူးအလေးထားပြီး တက်ညီလက်ညီ လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ ဆိုသည်မှာတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းကဆောင်ရွက်ခြင်းထက်ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအားသည် အဓိကကျကြောင်း၊ ထိုသို့အင်အားများ စုစည်းပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ပိုမိုထိရောက်အောင်မြင်မှုရှိမည်ကို မိမိတို့အစိုးရအနေဖြင့် နှစ်နှစ်ကာကာလက်ခံယုံကြည်ထားပြီး လက်တွေ့တွင်လည်းထိုအတိုင်းပင်အကောင်အထည်ဖော် ကျင့်သုံးနေကြောင်း။
ထိုသို့ပူးပေါင်းဆောင်ရွက်မှုများကြောင့်ပင် ယနေ့နိုင်ငံတော်တွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် လက်နက်ကိုင်အကြမ်းဖက်မှုအန္တရာယ်များနှင့် အခက်အခဲများကိုထိထိ ရောက်ရောက်တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို အကာ အကွယ်ပေးနိုင်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင် သိပ်မဝေးသေးသည့် ကာလများအတွင်းကဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးနှင့် ဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်၊ အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးဘေးအန္တရာယ်များကိုလည်း နိုင်ငံတော်အစိုးရနှင့်ကဏ္ဍပေါင်းစုံက ပုဂ္ဂိုလ်များနှင့်အတူ ပြည်သူအားလုံး အတူလက်တွဲပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြခြင်းသည် မိမိတို့၏စည်းလုံးညီညွတ်မှု သာဓကပင်ဖြစ်ကြောင်း။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာအားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီအောင်မြင်စွာတီထွင်ဖန်တီးစွမ်းဆောင်နိုင်ခဲ့သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြား ကောင်းမွန်စွာတတ်မြောက်သည့်ပုဂ္ဂိုလ်များအပေါ်တွင် လေးစားတန်ဖိုးထားသည့် အနေဖြင့် နှစ်စဉ်သာမက နေ့ထူးနေ့မြတ်တိုင်းတွင် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်လျက်ရှိကြောင်း။


(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ နှင့် ချီးမြှင့်ခဲ့သည့် စည်သူဘွဲ့ ၁၃ ဦး၊ သီရိပျံချီဘွဲ့ ၉ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၄ ဦး၊ မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၂၅ နှင့် ချီးမြှင့်ခဲ့သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ၃ ဦး၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၂၀၃/၂၀၂၅ နှင့် ချီးမြှင့်ခဲ့သည့် သီရိပျံချီဘွဲ့ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၀ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၆ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၇ ဦး၊ စုစုပေါင်းဘွဲ့ခံပုဂ္ဂိုလ် ၇၆ ဦးရှိသည့်အနက် အခမ်းအနားတက်ရောက်လက်ခံရယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၏ အဆောင်အယောင်တံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ချီးမြှင့်အပ်နှင်း သွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဖြတ်သန်းလာခဲ့သည့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစနစ်အမျိုးမျိုးကို ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစပြီး ပြည်သူတစ်ရပ်လုံးလိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည့် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး တပ်မတော်သားများသည်လည်းပြည်သူလူထုကြားက ပေါက်ဖွားလာကြသူများပင်ဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော်အနေဖြင့် ပြည်သူများလိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် အဆင့်ဆင့်ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲ၊ အကျပ်အတည်းများကို တပ်မတော်ကပင် ဦးဆောင်ဖြေရှင်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို နိုင်ငံသားအားလုံးမှန်မှန်ကန်ကန်လေ့လာသိရှိနားလည်နိုင်ကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။
မိမိတို့တာဝန်ယူသည့်ကာလတစ်လျှောက်လုံး အများပြည်သူလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ထူထောင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ၏ အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်မှုများတိုးတက်စေရန်၊ နိုင်ငံသား တိုင်းအတွက် အရေးကြီးသည့်ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုစီးပွားဘဝများတိုးတက်ရန်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်အာဏာကိုရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့်အစိုးရကို ချောမောအောင်မြင်စွာလွှဲပြောင်း ပေးနိုင်ရန်အတွက် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်မှန်သမျှကို ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
သို့သော်လည်း နိုင်ငံနှင့်ပြည်သူကောင်းရာကောင်းကျိုးကို မလိုလားသည့် ပြည်ပနိုင်ငံတချို့နှင့် စဉ်းစားတွေးခေါ်မှုနည်းပါးပြီး လမ်းမှားလိုက်နေကြသည့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတချို့၊ အသိဉာဏ်နည်းပါးသည့် အကြမ်းဖက်သမားများနှင့် အားပေးထောက်ခံသူများကြောင့် ယခုအချိန်တွင် အောင်မြင်သင့်သလောက် မအောင်မြင်သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ယနေ့ဘွဲ့ခံပုဂ္ဂိုလ်များထဲတွင်ပါသည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသူများ၊ အသိပညာအတတ်ပညာနှင့် နိုင်ငံကိုဘက်ပေါင်းစုံက တိုးတက်အောင်ဆောင်ရွက်နေကြသူများရှိသလို ပြည်တွင်းပြည်ပ၏ အဖျက်အမှောင့်ပယောဂကိုယုံစားပြီး အသိပညာနည်းပါးသည့် ကိုယ်ကျိုးအတ္တသမားများ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေဖြင့် စိတ်မပျက် လက်မလျှော့ဘဲ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းပြီးကောင်းမွန်သည့် နိုင်ငံ၏ အနာဂတ်ကို အောင်မြင်အောင်ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
မိမိတို့အနေဖြင့် ချမှတ်အကောင်အထည် ဖော်နေသည့် လုပ်ငန်းစဉ်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို မကြာသေးမီက အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့အပြင် လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပိုင်း (၂)ကို ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း(၃)ကို ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲနှင့်ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းပြီးဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူများနှင့် ရင်ဆိုင်ဆဲအမှုများကို ဥပဒေနှင့်အညီ လွတ်ငြိမ်းချမ်းသာမှုများနှင့် ပြစ်ဒဏ်လျှော့ပေါ့ ကင်းလွတ်ခွင့်ပြုပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
နိုင်ငံသားအားလုံး၏အားသည် နိုင်ငံတော်အတွက်အရေးကြီးကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ အင်တိုက်အားတိုက်ဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း။
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရတစ်ရပ်တည်းက ကြိုးပမ်းအကောင်အထည်ဖော်ရုံနှင့် ပြည့်စုံလုံလောက်မှု
မရှိနိုင်ကြောင်း၊ နယ်ပယ်ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ကြမည်ဖြစ်ကြောင်း။

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများဆိုသည်မှာ မည်သည့်နေ့ရက်တွင် ပြီးမြောက်အောင်မြင်သွားပြီဆိုပြီး သတ်မှတ်လုပ်ဆောင်ရသည့်ရေတိုလုပ်ငန်းမဟုတ်ကြောင်း၊ စဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော်နေရသည့် ရေရှည် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့်လက်တွဲကြိုးပမ်းနေသူများကလည်း အမျိုးသားအကျိုးစီးပွားအတွက် ဆက်လက်ပြီးလက်တွဲဆောင်ရွက်ပေးကြရန်၊ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရသေးသူများအနေဖြင့်လည်း အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားကိုရည်မျှော်ပြီး နိုင်ငံတော်အစိုးရနှင့် အမြန်ဆုံးလက်တွဲ ဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ကြောင်း၊ ထို့အပြင် အမြင်မတူ သဘောထားကွဲလွဲနေကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့်လည်း ပဋိပက္ခများမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် ထပ်မံဖိတ်ခေါ်ကြောင်း။
ဘွဲ့ခံပုဂ္ဂိုလ်ကြီးများ၊ ဧည့်သည်တော်ကြီးများအနေဖြင့်ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပြီး အသက်ရှည်ရှည်ကျန်းကျန်းမာမာနှင့် မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ နိုင်ငံတော်၏အကျိုးကိုဆတက်ထမ်းပို တိုးပွားအောင် သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်း ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ ၁၃ ဦး၊ တပ်မတော် စွမ်းရည်သတ္တိဘွဲ့များဖြစ်ကြသည့် သီဟသူရဘွဲ့ရရှိသူ ၂ ဦးနှင့် သူရဘွဲ့ရရှိသူ ၁ ဦး၊ သီရိပျံချီ ဘွဲ့ ၁၀ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၉ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၇ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၈ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၁ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


