(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များရယူဆွတ်ခူးပေးခဲ့ကြ သည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင် ပေး ခဲ့သည့်နည်းပြများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များရယူဆွတ်ခူးပေးခဲ့ကြ သည့်  တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနား ကို   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့် သည်။

အခမ်းအနားသို့   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊   နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သားအားကစားသမားများနှင့်နည်းပြများ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားမြှင့်တင်ခြင်း သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်  အားကစား ဆောင်ပုဒ်နှင့်အညီ  မဆုတ်မနစ်သောဇွဲ၊ လုံ့လတို့ဖြင့်  မိမိတို့တွင်ရှိသည့်စွမ်းအား ကိုယ်စီကိုအသုံးချပြီး   နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် ဆုရအားကစားသမားများ၊ ပြိုင်ပွဲတွင် အကောင်းဆုံးလမ်းညွှန်မှုပေးခဲ့ကြသည့် နည်းပြများနှင့် အသင်းအုပ်ချုပ်သူအဖွဲ့ဝင်များအားလုံးကို မိမိအနေဖြင့်ဝမ်းမြောက် ဂုဏ်ယူသည်ကို ဦးစွာအသိပေးပြောကြားလို ကြောင်း။

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲတွင် တပ်မတော်သား ၁ ဦး ပါဝင်သည့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အသင်းလိုက်ရွှေတံဆိပ် ၁ ခုရရှိခဲ့ကြောင်း၊ (၃၃)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မိမိတို့နိုင်ငံအနေဖြင့် အားကစားနည်း ၃၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် တပ်မတော်သားအားကစားသမားများက အားကစားနည်း ၄ မျိုးတွင် ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၅ ခုရရှိအောင် ပါဝင်စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ တပ်မတော်သားနည်းပြများအနေဖြင့်လည်း လှေလှော်၊ အလေးမ၊ လက်ဝှေ့၊ ဝူရှူး၊ နပန်း စသည့်အားကစားနည်းများတွင် ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁၀ ခုရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ထို့အပြင် ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့်  (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်လည်း အားကစားနည်း ၁၉ မျိုး ထည့်သွင်းကျင်းပခဲ့သည့်အနက် တပ်မတော်သားအားကစားသမားများသည် ပြေးခုန် ပစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘောလုံး၊ ဂိုးလ်ဘောအားကစားနည်းများတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အားကစားသမားများနည်းတူ   တပ်မတော်သားနည်းပြများကလည်း ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၄ ခု ရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆုတံဆိပ်များရရှိခဲ့ကြခြင်းသည် နိုင်ငံတော်အတွက်သာမက  တပ်မတော်အတွက်ပါ   ဂုဏ်ယူစရာကောင်းလှသည့် စွမ်းဆောင်မှုများပင်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်သူများ အနေဖြင့်   ကာယအား၊ ဉာဏအားတို့ကို အသုံးချပြီး အကောင်းဆုံးကြိုးပမ်းယှဉ်ပြိုင် ခဲ့ကြသကဲ့သို့ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော် သား  အားကစားသမားများသည်လည်း မသန်ပေမယ့် စွမ်းကြသူများဖြစ်သည်ကို အကောင်းဆုံးသက်သေပြနိုင်ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲနှစ်ရပ် စလုံးကို  လေ့လာကြည့်သည့်အခါ တစ်ဦးချင်းပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသကဲ့သို့ အဖွဲ့လိုက် ပေါင်းစည်းယှဉ်ပြိုင်ကြရသည့် အားကစားနည်းများတွင်လည်း ဆုတံဆိပ် များရရှိခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့လူမျိုး၏စည်းလုံးမှု အခြေခံစိတ်ဓာတ် သည် တစ်ဦးချင်းမှစပြီး အသင်းအဖွဲ့ထိမြဲမြံခိုင်မာနေခြင်းကို  ပေါ်လွင်စေလျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ အားကစားသမိုင်းမှတ်တမ်းသည် တစ်ချိန်ကအာရှအဆင့်သာမက ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို တွေ့ရှိနိုင်ကြောင်း၊ မြန်မာ့အားကစားအောင်မြင်မှု   အခန်းကဏ္ဍကို လေ့လာကြည့်ပါက တပ်မတော်သားများ၏ထူးချွန်ပြောင်မြောက်သည့်  စွမ်းဆောင်ချက်သမိုင်းပုံရိပ်များသည်လည်း ထင်ထင်ရှားရှားရှိနေဆဲပင်ဖြစ်ကြောင်း၊ ပြည်တွင်းမှာသာမက နိုင်ငံတကာပြိုင်ပွဲများတွင်ပါ အောင်မြင်မှုများစွာရရှိခဲ့သည့် တပ်မတော်သားများ၏သမိုင်းမှတ်တမ်းကောင်းများကို ယနေ့ထက်တိုင် မော်ကွန်းရေးထိုးထားလျက်ရှိကြောင်း၊  တစ်ချိန်က မြန်မာ့ဘောလုံးအသင်း၏ လျှမ်းလျှမ်းတောက်အောင်မြင်မှုများတွင်ပါဝင်ခဲ့သည့် တပ်မတော်သားများ၏အစွမ်းအစများသည်    ယနေ့ထက်တိုင်  ဂုဏ်ယူဝင့်ကြွားစွာပြောစမှတ်တွင်နေဆဲပင်ဖြစ်ကြောင်း။

အားကစားမှပေးသည့်  “အနိုင်မခံ အရှုံးမပေး” စိတ်ဓာတ်သည်   နိုင်ငံတော် တည်ဆောက်ရေးနှင့်ပါ ဆက်စပ်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မိမိကိုယ်ကို အရှုံးမပေးခြင်း၊ မိမိအသင်းကို အရှုံးမပေးခြင်းသည်        မိမိတို့၏ဂုဏ်သိက္ခာကို ကာကွယ်ခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ပုံရိပ်ကိုမကျဆင်းအောင် ထိန်းသိမ်းပေးခြင်းလည်းဖြစ်ကြောင်း၊ အားကစားသမားများသာမက နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် အသိတရားများကိန်းအောင်းနေကြရန်လိုအပ်ကြောင်း၊ ၎င်းကဲ့သို့အသိတရားများ နိုင်ငံသားတိုင်း၏ရင်ထဲတွင် ရှင်သန်နေကြမှ သာ  မိမိတို့နိုင်ငံတော်ကိုပျက်စီးရာ၊ ပျက်စီး ကြောင်း      ဖန်တီးလာကြမည့်အန္တရာယ်များကိုကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ အပြင် အဆင့်တိုးမြှင့်ပေးခြင်းများဖြင့်ပါ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည့် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နောင်လာမည့် မျိုးဆက်သစ်အားကစားသမားများအတွက် လည်း စံနမူနာကောင်းများပြသပေးခြင်း ဖြစ်သည်ကိုလည်း ပြောကြားလိုကြောင်း။

နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ကို ဆောင်ခဲ့သည့် တပ်မတော်သားအားကစားသမားများအတွက် နိုင်ငံတော်နှင့်တပ်မတော်က အသိအမှတ်ပြုဂုဏ်ယူကြောင်းနှင့် အားကစားကဏ္ဍအောင်မြင်မှုဆိုသည်မှာနိုင်ငံတော်၏     ဖွံ့ဖြိုးတိုးတက်မှုကိုပါသွယ်ဝိုက်ဖော်ဆောင်နေခြင်းဖြစ်သကဲ့သို့ ယခုထက်ပိုမိုအောင်မြင်အောင် ဆက်လက်ကြိုးပမ်းဖော်ဆောင်ခြင်းဖြင့် နိုင်ငံတော် နှင့် တပ်မတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန်    ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ ပြေးခုန်ပစ်(မီတာ ၂၀၀)(တစ်ဦးချင်း) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၁၀၀)(တစ်ဦးချင်း)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု တို့ရရှိခဲ့သည့်ဒုတိယအရာခံဗိုလ်စိုးပေ၊ ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ကြီးရဲမင်းစိုး၊(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နပန်း(တစ်ဦးချင်း)ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သည့် အရပ်သားအစားခန့်ဝန်ထမ်း မသဲသိမ့်သိမ့်သူ၊    (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၌ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့်ကြေးတံဆိပ်ဆုများရရှိအောင်နည်းပြပေးနိုင်ခဲ့သည့်အုပ်ခွဲတပ်ကြပ်ကြီး/၅၂ အောင်သူထွန်းတို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများက နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့်နည်းပြများအား  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊     ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများ ကိုယ်စား  ဒုတိယအရာခံဗိုလ်စိုးပေက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား     အားကစားသမားများနှင့် နည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ဂုဏ်ပြုဧည့်ခံ   ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။