နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိ သုဓမ္မမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပမည့် မြို့တော် ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေး မှူးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် မီးရှူးမီးပန်းများပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့မှ တေးသံရှင်များနှင့် အနုပညာရှင်များက တေးသံသာများဖြင့် သီဆို တီးမှုတ်ဖျော် ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ညစာစားပွဲသို့တက်ရောက် လာကြသည့် ဧည့်သည်တော်များနှင့်အတူမြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာယဉ် ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက ပြည်ထောင်စုတေးသရုပ်ဖော်ဖြင့်လည်း ကောင်း၊ ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကရင်တိုင်း ရင်းသားရိုးရာအကအဖွဲ့၊ ချင်း တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ မကွေးတိုင်း ဒေသကြီး ဗမာတိုင်းရင်းသားရိုးရာအကအဖွဲ့၊ မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရခိုင် တိုင်းရင်းသား ရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်း သားရိုးရာအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာ တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များက “ မွှေးရနံ့စုံလင် ပြည်ထောင်စုသဘင်” တေးသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံ တော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။





