နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ – ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ Super Mandalay Co.Ltd ၏ ဘုရင် ဘီစကစ်စက်ရုံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက်စက်ရုံအတွင်း ကုန်ကြမ်းအဆင့်မှထုပ်ပိုးမှုအထိ ကုန်ပစ္စည်း များ အဆင့်ဆင့်ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပိုင်ဖြိုးမြန်မာ ကုမ္ပဏီ၏ အောင်နိုင်သူ တွင်နှင့်သံရည်ကျို လယ်ယာသုံးရေပန့် သံမဏိသွန်းထည်လုပ်ငန်း သို့ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးအောင်ဆန်းက ကုန်ကြမ်းစုဆောင်းရရှိမှု၊ ကုန်ကြမ်းမှတဆင့် သံရည်ကျိုချက်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး ရေစုပ်ပန့် အပါအဝင် ပန့်အမျိုးမျိုးနှင့် ပန့်အပိုပစ္စည်းများ၊ သတ္တုသွန်းထည်ပစ္စည်းများ၊ ကြိတ်ခွဲရေးလုပ်ငန်းသုံး အပိုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံထည်ပစ္စည်းများ စသည်တို့ကို ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် သီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်ဌေးဌေးခိုင်နှင့် စက်ရုံဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေမှုကို လှည့်လည် ကြည့်ရှုလေ့လာကြရာ ဒေါက်တာ ဒေါ်ဌေးဌေးခိုင်က လိုက်လံရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်ရုံခန်းမတွင် စက်ရုံမှူး ဦးနေဝင်းက မောရိယတိုင်းဆေးဝါးကို ရှေးယခင် နှစ်ပေါင်း ၁၆၀ မှစ၍ ထုတ်လုပ်ခဲ့မှု၊ လက်ရှိအချိန်တွင် ဆေးဝါးများကို အဆင့်မီစွာဖြင့် ဆက်လက်ထုတ်လုပ်နေမှုအခြေအနေများကို Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်ရန်နှင့် ဓာတုဗေဒပစ္စည်းများကင်းစင်စွာဖြင့် ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးဝါးများကို ယခုထက်ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်လို ကြောင်း၊ ယခုမောရိယ ဆေးဝါးထုတ်လုပ်ရေးသည် နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်း ရှိပြီး ကောင်းမွန်သည့် အစဉ်အလာကောင်းများရှိသဖြင့် စနစ်တကျထိန်းသိမ်းပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးစက်ရုံ ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင်မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။


မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို ၁၈၆၂ ခုနှစ်တွင် မြန်မာ တိုင်းရင်းဆေးဆရာကြီး ဆရာခိုင်ကြီးက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အခါ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသည် နှစ်ပေါင်း ၁၆၀ သက် တမ်း ရှိပြီဖြစ်ပြီး ယခုအခါ မောရိယ မန်းဆေး၊ အကြောပြေဒဏ်ကျေလိမ်းဆေး၊ ချွဲသလိပ်ပျော် ရင်လူးဆေး၊ ရှုလိမ်းဆီ၊ ကွမ်းရွက်အခိုးပွင့်ဆေး၊ သွေးသန့်ဆေး၊ အနာကျက်ဆေးရည်များကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ ထုတ်လုပ်ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။