နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ – ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူး အတွင်းရေးမှူး Mr. Anton Kobyakov နှင့် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌ တွေ့ဆုံ ဆွေးနွေးသည်။
 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူးနှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံရာတွင် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)ကို တက်ရောက်နိုင်ရေး ဖိတ်ကြားခဲ့သည့် အခြေ အနေများနှင့် ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ လာမည့်နှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံမှု ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား၊ တပ်မတော် နှစ်ရပ်အကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်းများကို တည်ဆောက်နိုင်ခဲ့သည့် အခြေ အနေများ၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သကဲ့သို့ အရပ်ဘက် ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ရေးကဏ္ဍတို့တွင်လည်း ခိုင်မာသည့် ဆက်ဆံရေးသမိုင်းကောင်းကို တည်ဆောက်နိုင်ခဲ့ သည့် အခြေအနေများ၊ ရုရှား-မြန်မာ မိတ်ဆွေညီအကိုနိုင်ငံ နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍအသစ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေး တို့အတွက် တိုက်ရိုက် လေကြောင်းလိုင်းများ ပြေးဆွဲရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ခိုင်မာရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင် ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးနှင့် ဖိုရမ် ဖြစ်မြောက် ရေးကော်မတီ အထူးအတွင်းရေးမှူး တို့သည် အမှတ်တရလက်ဆောင် ပစ္စည်း များ အပြန်အလှန်ပေးအပ်ခဲ့ကြ သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။