၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၂၇

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟို ဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ခရီးသွား လုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြ သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများ၌ တာဝန်ယူ မှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် သွားလာလည်ပတ်နိုင်ရေးတို့ကို မြှင့်တင် ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်ကစတင် ဖွဲ့စည်း ထားခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ က အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်သည် ခရီးသွားလုပ်ငန်းနယ်ပယ်၏ ဦးဆောင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းကို စီးပွားရေးတိုးတက်ရန် မောင်းနှင်အားတစ်ရပ်အဖြစ် မြှင့်တင်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲ ရေးတို့ကို အားပေးဆောင်ရွက်လျက်ရှိသည့်အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ နှင့် အသိပညာများ တိုးတက်ပြန့်ပွားရေးလုပ်ငန်းစဉ်များကိုလည်း ဦးဆောင်ထောက်ပံ့ ကူညီပေးလျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း။


ယခုနှစ်အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အခမ်းအနားကို အိမ်ရှင်အဖြစ် ကျင်းပ လျက်ရှိပြီး အထိမ်းအမှတ် ဆောင်ပုဒ်မှာ“ခရီးသွား လုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့” “Rethinking Tourism” ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များက ကမ္ဘာတစ်ဝန်း ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများသည် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပါကြောင်း၊ ထိုသို့သောအခြေအနေတွင် ခရီးသွားလုပ်ငန်းကို ပြန်လည်တွေးတော သုံးသပ်ခြင်း (Rethink)၊ ပြန်လည်ဆောင်ရွက်ခြင်း (React)၊ ပိုမိုခံနိုင်ရည်ရှိစေခြင်း (Resilient) တို့ကို ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။


ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်မှစပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပ လာခဲ့သည်မှာ ယနေ့ဆိုပါက(၁၁)ကြိမ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုနှစ် အတွက်သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အဟန့် အတားများကို ထည့်သွင်းစဉ်းစားပြီး ချမှတ်ထားခဲ့သည့် ခရီးသွားလုပ်ငန်း ဆိုင်ရာ မူဝါဒများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြန်လည်ကြံဆ ဖော်ထုတ် ကြရမည် ဖြစ်ပါကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွား လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများ နှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးစေခဲ့ပါကြောင်း၊ သက်ဆိုင်ရာအစိုးရများ အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်းမှာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအပြင် ခရီးသွားလုပ်ငန်းများ ရပ်တည်ရှင်သန်ရေးကို နည်းလမ်း ပေါင်းစုံဖြင့် ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာစီးပွားရေးကုစားမှုစီမံကိန်း(COVID–19 Economic Relief Plan)အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ယနေ့အထိ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ၆ လရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန် များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။


ထို့ပြင် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ တစ်ဝန်းခရီးသွားကဏ္ဍ၌ ပါဝင်လုပ်ကိုင်သူဦးရေ ၃ သိန်းခန့်ကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပါကြောင်း၊ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည် ပန်းတိုင်များ အောင်မြင်စေရန် အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းပြန်လည် ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)”ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ ကြောင်း။

ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုများကို အတိုင်းအတာ တစ်ခု အထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် မိမိတို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်သည်ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရှိရပါ ကြောင်း၊ ယခုကဲ့သို့ပြန်လည် ဖွင့်လှစ်သည့်နေရာတွင် ခရီးသွားဧည့်သည်များ၏ ပြည်ဝင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားမှုများရှိနေ သေးသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဖွင့်လှစ်ပေးခဲ့သည့်အတွက် ကမ္ဘာအနှံ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကမ္ဘာလှည့်ခရီးသည် သန်း ၂၅၀ ကျော် လှည့်လည်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်က အလားတူကာလတွင် (၇၇)သန်း ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ၁၇၃ သန်းခန့် ပိုမိုဝင်ရောက်ကြောင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ သိရပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂၂၅ ရာခိုင်နှုန်းမျှ ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်းခရီးသွား လာမှုများ စတင်တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလားအလာကောင်းများကို တွေ့မြင်ခဲ့ရ သည့်အတွက် ကမ္ဘာလှည့် e-Visa ကို ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်က စတင် ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်နေရပြီး လာမည့်ပွင့်လင်းရာသီတွင် မြန်မာ နိုင်ငံအတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှု ပိုမိုတိုးတက်လာရန်မျှော်မှန်းပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ပြည်ပ ဧည့်သည်များနည်းတူ ပြည်တွင်းမှမိမိတို့နိုင်ငံသားများကိုလည်း စိတ်ချမ်းမြေ့ပျော်ရွှင် စွာဖြင့် ခရီးသွားလည်ပတ်နိုင်ရန်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းများကိုလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေပါကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများတွင်ရှိသည့် အမျိုးသမီး များ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည့်အပြင် မိမိတို့တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝအရင်း အမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများလည်းရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရေး စီမံခန့်ခွဲပေးနိုင်ရန်အတွက် တာဝန်သိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများအတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။

အားလုံးသိရှိကြသည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပါ ကြောင်း၊ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေ များစသည့် မတူကွဲပြား ထူးခြားလှပသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အရာများ ဖြစ်ကြပါကြောင်း။

တစ်ချိန်တည်းတွင် ခရီးသွားလုပ်ငန်းအနေဖြင့် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ် ကျေပွန်ရေးကဏ္ဍအပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ စည်ပင်သာယာလှပရေးကဏ္ဍ၊ မြို့ပြနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ၊ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်း တစ်ခုဖြစ်သဖြင့် တန်းတူညီမျှပြီး အားလုံးပါဝင်ဆောင်ရွက်နိုင်ရန် အထောက်အကူပြု သည့် လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်ဟုဆိုနိုင်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို စနစ်တကျစုပေါင်းဆောင်ရွက်ခြင်းဖြင့် တီထွင်ဖန်တီးမှုအခြေပြုသည့် စီးပွားရေးပုံစံ တစ်ရပ်ကို ဖော်ဆောင်နိုင်မည့် အလားအလာများကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများသည် များစွာ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးမှ ကဏ္ဍအသီးသီးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ထို့ပြင်မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုများအတွက် အင်တာနက်အခြေခံ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့် အတူပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း။
အထူးသဖြင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည် များ စိတ်အေးချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွားများအတွက် လိုအပ် သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် စီစဉ်ပေးရန်၊ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို လည်း လွယ်ကူရှင်းလင်းစေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။


အဆိုပါလုပ်ငန်းစဉ်များအားလုံးကိုလည်း လိုအပ်ရင်လိုအပ်သကဲ့သို့ ပြန်လည် ပြုပြင်ဖန်တီးဖော်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြားနိုင်ငံများနည်းတူ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။
“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့” ဆိုသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်ရန်အတွက် ပြန်လည်ကြံဆမည့် လုပ်ငန်းစဉ် များတွင် မိမိတို့အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့်ပြောကြားသည်။


ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကားရုပ်သံဗီဒီယိုကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးစွန့်ဦးတီထွင်မှု ပြိုင်ပွဲ(Myanmar Innovative Tourism Startup Competition) တွင်ပထမဆုရရှိ သည့် ဦးကျော်မြတ်သူ၊ ဒုတိယဆုရရှိသည့် ဒေါ်ပိုးသီရိထွန်း၊ တတိယဆုရရှိသည့် ဒေါ်နီလာ၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဦးမြင့်သန်း၊ ဒုတိယဆုရရှိသည့် ဦးမောင်ရ(ခ) ဦးစိုးလွင်၊ တတိယဆုရရှိသည့် ဦးစည်သူအောင်တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒေါ်ဆုရည်ထွန်း၊ ဒုတိယဆုရရှိသည့် ဒေါ်ခင်သူဇာဝင်း၊ တတိယဆုရရှိသည့် ဒေါ်သီတာအောင်၊ နှစ်သိမ့်ဆုရရှိသည့် ဒေါ်ခိုင်ရတနာထိန်ထိန်အောင်၊ ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဦးအောင်ကောင်းမြတ်၊ ဒုတိယဆုရရှိသည့် ဒေါ်သီရိမြတ်နိုး၊ တတိယဆုရရှိသည့် ဒေါ်ခိုင်ရွှေစင်ဝင်း၊ နှစ်သိမ့်ဆုရရှိသည့် ဒေါ်ရွှေရည်လျှံမွန်း တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဋ္ဌေးအောင်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြ သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသအလိုက် ပြခန်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ ပြသထားသည့်ပြခန်းများနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနမှပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။