နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၈/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး ၊ ဦးရွှေကြိမ်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆွေနွေးဆောင်ရွက်နိုင်ခဲ့မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ကမ်းလှမ်းဖိတ်ကြားခဲ့မှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ခဲ့မှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေး ချိန်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရုရှားနိုင်ငံအတွက် ယုံကြည် အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်မှု၊ နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရုရှားနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့မှုများနှင့် ရလဒ်ကောင်းများရရှိခဲ့မှု အခြေ အနေများ၊ ရုရှားနိုင်ငံအတွင်း နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှု၊ ရုရှား – မြန်မာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ခေတ်အဆက်ဆက် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့မှုအခြေအနေများ၊ ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်နိုင်ခဲ့မှု၊ ရုရှား-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များပူးပေါင်း ဆောင်ရွက်မှုတွင် ရုရှားနိုင်ငံအနေဖြင့် သဘောထားမှန်ကန် စွာဖြင့် ယုံကြည်မှုရှိရှိ မိတ်ဆွေကောင်းပီသစွာဆောင်ရွက်ပေးမှု၊ ရထားပို့ဆောင်ရေး စနစ်များကို လေ့လာခဲ့မှုနှင့် ရုရှားနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်နေ
နိုင်ငံစီးပွားရေးမြှင့်တင်ရေးအတွက် ယခုနှစ်စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းများကို ယခင်ကထက်အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ နွေစပါး နှင့် ပဲတီစိမ်းသည် အချိန်ကာလတစ်ခုအတွင်း အကျိုးအမြတ်ပြန်လည်ရရှိနိုင်သည့် Quick Win ဖြစ်သည့်အတွက် ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးသည့် တောင်သူများကို ငွေထုတ်ပေးခြင်းထက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးရေးသွင်း အားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုး စသည်များကို ပေးအပ်သွား မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမည့်မြေနှင့် လုပ်အားကိုသာ စိုက်ထုတ်ရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကိုစက်ယန္တရားများ အသုံးပြုမောင်းနှင်နိုင်သည့် ဧကကွက်များအဖြစ်ပြုပြင်ရန်လိုအပ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း။
ပဲတီစိမ်းသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကောင်းမွန်သည့် ပဲအမျိုးအစား ဖြစ်သဖြင့် တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်း၊ စပါးစိုက်ပျိုးမှုကိုလည်း စနစ်တကျဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက် နိုင်မည်ဆိုပါက အကျိုးအမြတ်များဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ရရှိလာသည့် အကျိုး အမြတ်များမှ လာမည့်နှစ်များတွင် စိုက်ဧကများ တိုးမြှင့်၍ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ နွေစပါး၊ မိုးစပါးနှင့် ပဲစိုက်ပျိုး မှုများတွင် ထောက်ပံ့ ပေးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ မှ ရရှိလာသည့် အကျိုးအမြတ်များကို တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးခံ စားခွင့်များရရှိမည်ဖြစ်ပြီး ယခင်နှစ်များက နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိ သည့် စိုက်ပျိုးရေးချေးငွေများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရေး လုပ်ငန်းများအတွက် လာမည့်စိုက်ပျိုးရေးရာသီတွင် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။
စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် ကယားပြည်နယ်၊ ချင်းပြည်၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများထုတ်ပေးထားကြောင်း၊ မြစိမ်းရောင် စီမံကိန်းများသည် လက်တွေ့တွင် ဒေသဖွံ့ဖြိုးရေးအတွက်များစွာ အကျိုးဖြစ်ထွန်း သည်ကိုတွေ့ရှိရကြောင်း၊ အလားတူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေး ခဲ့ကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ဒေသအလိုက် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “SME ကိုလည်း ကျွန်တော် ပြီးခဲ့တဲ့ တစ်နေ့ကပဲ SME တွေ အကုန်လုံးခေါ်တွေ့ပြီးတော့ ကော်မတီအစည်းအဝေးလုပ်ပြီးတော့ SME တိုးတက်ရေးအတွက် ဆောင်ရွက်နေတာရှိပါတယ်။ SME တွေဟာ တိုင်းပြည်ရဲ့အဓိက စီးပွားရေးမှာ SME အခန်းကဏ္ဍ ၉၀ ရာခိုင်နှုန်းကျော်ပါနေပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုလုပ်တဲ့အခါမှာလည်း ဒီ SME လုပ်ငန်းတွေသည် ကုန်ကြမ်းကိုအခြေခံတဲ့ SME တွေ ဖြစ်ရမယ်။ အဲ့ဒီကုန်ကြမ်းသည် ဒေသတွင်းမှာ ထွက်တဲ့ကုန်ကြမ်းတွေပဲဖြစ် ရမယ်။ တိုင်းပြည်တွင်းမှာ ထွက်ရမယ်၊ ဒေသတွင်းမှာ ထွက်ရမယ်။ ကုန်ကြမ်းမရှိရင် ဘာမှ လုပ်လို့မရဘူး။ စီးပွားရေးလုပ်ငန်းမှာ ကုန်ကြမ်းမရှိရင် လုပ်လို့မရဘူး။ ဝယ်၊ ရောင်း လုပ်ရင်တောင်မှ အဲ့ဒီကုန်ကြမ်းကို အခြေခံပြီး ထွက်လာတဲ့ ကုန်ချောကိုဝယ်၊ ရောင်း လုပ်လို့ရတယ်။ ဒီအတွက်ကြောင့် ကုန်ကြမ်းက အရေးကြီးတယ်။ ကုန်ကြမ်း က၊ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ပြည်နယ်နဲ့တိုင်း အားလုံးကို စက်မှုဇုန်တွေ အကုန်လုံး လုပ်ရမယ်ပြောထားတာရှိပါတယ်။ အဲ့ဒီအထဲမှာ အကြွေးကျန်တာ ချင်း ပြည်နယ် တစ်ခုကျန်တယ်။ ချင်းပြည်နယ်မှာ စက်မှုဇုန် မရှိဘူး။ စက်မှု ရပ်ကွက်လည်း မရှိဘူး၊ စက်မှုဇုန်လည်း မရှိဘူး။ ဒါကြောင့် ချင်းပြည်နယ်ကို ကျွန်တော်က ကော်ဖီ ရယ်၊ ဝ ဥရယ်၊ နောက်တစ်ခါ နွားနောက်ရယ် ဒီ သုံးခုကို အခြေခံပြီးတော့ စက်မှု လုပ်ငန်းလုပ်ဖို့အတွက် မှာခဲ့တာရှိပါတယ်။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အကုန် လုံး ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ ခုနကပြောတဲ့ ချင်းပြည်နယ်အတွက်ပေးတဲ့ ရန်ပုံငွေထဲကနေပြီးတော့မှ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီတော့ SME တွေက လည်း စောစောကပြောတဲ့ လုပ်ငန်းတွေမှာ၊ နိုင်ငံတော်အပိုင်းကနေပြီးတော့ ကိုဗစ် ကြောင့် ဖြစ်လာတဲ့ကျဆင်းမှုတွေနဲ့ စီးပွားရေးမြှင့်တင်ဖို့ လုပ်တဲ့အခါမှာတော့ အတိုး အနည်းဆုံးပေါ့၊ အတိုးအနည်းဆုံးနဲ့ ယူမှာဖြစ်တယ်။ SME လုပ်ငန်းကတော့ ပြည်နယ် နဲ့တိုင်း အားလုံးမှာ မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့် ဒေသမှာကိုယ် စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်မယ်ဆိုရင်တော့ တခြားဒေသကိုသွားပြီးတော့ အလုပ်သွားလုပ်နေတဲ့ ပမာဏတွေ လျှော့ချလိုက်ရမယ်။ လုံးဝမရှိအောင်တော့ လုပ်လို့မရပါဘူး။ လျှော့ချနိုင်ရမယ်၊ ကိုယ့်ဒေသမှာ အလုပ် အကိုင် အခွင့်အလမ်းတွေ ပေါ်လာရမယ်။ ကိုယ့်နိုင်ငံရဲ့ ကိုယ့်ဒေသ။ ပြောရလို့ရှိရင် ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းပေါ့လေ၊ စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုရင် ဒေသတွေရဲ့ ဘက်ဂျက်တွေ သူဟာနဲ့သူတက်လာလိမ့်မယ်၊ ပြည်နယ်နဲ့ တိုင်းဒေသ အလိုက် ဘက်ဂျက်တွေ တက်လာလိမ့်မယ်။ သူ့ဘက်ဂျက်နဲ့သူ လည်ပတ်လို့ရအောင် ကျွန်တော်တို့က ဒါကိုမတည်ပေးလိုက်တာ၊ ရှင်းရှင်းပြောရရင်တော့ မတည်ပေးလိုက် တာပါပဲ။ စောစောက ငွေတွေပေးတယ်ဆိုတာလည်း မတည်ပေးလိုက်တာ။ ၁၀ ဘီလီ ယံစီ ထောက်ပံ့ပေးတယ်။ ၈ ဘီလီယံစီ ထောက်ပံ့ပေးတယ်။ ၅ ဘီလီယံစီ ပေးတယ်။ သူတို့ကို ဒါတွေ လိုအပ် တာသုံးဖို့ ဖက်ဒရယ်အခွင့်အရေးတွေ ပေးလိုက်တာ ဖြစ်တယ်။
အဲ့ဒီအထဲကနေ ပြီးတော့ အခု ထပ်ပြီးတော့ SME တွေ အားပေးတာလည်း ဒေသအလိုက် ဒေသအလိုက်မှာ လုပ်ငန်းတွေပေါ်လာပြီး အစိုးရတွေက ဒါတော့ လုပ်ရင် ဖြစ်တယ်ဆိုတာပြတာ။ အစိုးရတစ်ရပ်ဆိုတာ လုပ်ပြဖို့ပဲ။ ဟန်ပြ။ တီဗီထဲ ပါနေဖို့ သတင်းထဲပါနေဖို့ မဟုတ်ဘူး။ တစ်ကယ်တော့ တိုင်းပြည်၊ ဒေသကို တိုးတက်အောင် လုပ်ပေးရမှာ။ ကျွန်တော်တို့ အစိုးရသည်လည်း တိုင်းပြည်တိုးတက် အောင်လုပ်ရမယ်။ ဒေသ အစိုးရကလည်း ဒေသကို တိုးတက်အောင် သူက လုပ်ရမယ်။ ဒါက လက်တွေ့ကျတဲ့ နိုင်ငံရေးပဲ။ လက်တွေ့ကျတဲ့ နိုင်ငံရေး။ နိုင်ငံရေး လုပ်စားတာ မဟုတ်ဘူး။ တစ်ကယ့် နိုင်ငံ့အရေးကို လုပ်စားတာ။ နိုင်ငံ့အရေး လုပ်နိုင်ဖို့အတွက် မတည်ငွေတွေ ကျွန်တော်တို့ ပေးလိုက်တာ။ လုပ်ပါစေ။ သူ စွမ်းဆောင်ရည် ရှိသမျှ လုပ်ပါစေ။ သူစွမ်းဆောင်ရည် ကောင်းလို့ရှိရင် သူစီးပွားတက်လာလိမ့်မယ်။ စီးပွား တက်ပြီဆိုလို့ရှိရင် သူတို့ဒေသမှာ ဝင်ငွေကောင်းလာလိမ့်မယ်။ ဝင်ငွေကောင်းလာလို့ ရှိရင် ပြည်နယ်နဲ့ တိုင်း အစိုးရတွေမှာ ဘက်ဂျက်တွေ ချောင်ချောင်လည်လည် ဖြစ်လာ လိမ့်မယ်။ ဗဟိုကနေပေးရတဲ့ ပိုက်ဆံက။ တတ်နိုင်သလောက်။ အတိုင်းအတာ တစ်ခုထိတော့ရှိမှာပေါ့။ သို့သော်လည်းပဲ သူတို့အတွက် သူတို့ဖာသာသူ ပြန်လုပ်ခြင်း အားဖြင့် သူတို့ရဲ့ ရန်ပုံငွေနဲ့လုပ်ခြင်းအားဖြင့် သူတို့ဆီမှာ တိုးတက်မှုတွေ အများကြီး ပြနိုင်မှာဖြစ်ပါတယ်။ ဒါကို ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ အကုန်လုံးကိုမှာလိုက် တယ်။ ခင်ဗျားတို့ ဒါကိုလုပ်ပြပါ။ စီးပွားရေး လုပ်ပြပါ။ ကျွန်တော် မတည်ငွေတွေ ပေးလိုက်တယ်။ ဒီလိုပြောခဲ့ပါတယ်။ SME လုပ်ရတဲ့ ရည်ရွယ်ချက်ပါပဲ။ အရင်တုန်း ကတော့ SME ပဲ ခေါ်တာပေါ့။ နောက်ပိုင်းကျတော့ MSME လို့ ခေါ်တယ် အသေးစား ၊ အငယ်စား၊ အလတ်စားပေါ့။ Micro ရယ် Small ရယ် Medium ရယ် ဖြစ်ပါတယ်။ MSME လို့ ကျွန်တော် တို့ ခေါ်ပါတယ်။ အဲ့ဒါမျိုး ကျွန်တော်တို့ လုပ်နေကြောင်းလည်း ကောင်စီဝင်များကိုလည်း ကျွန်တော်အသိပေးလိုပါတယ်။” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video File ကို ပြသမည် ဖြစ်ပါသည်။
ခရီးသွားကဏ္ဍသည် စီးပွားရေးလုပ်ငန်းတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့် လုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီး သွားလာမှုများကြောင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုများ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ လည်ပတ်နိုင်ခြင်းကြောင့် လည်ပတ်သုံးစွဲငွေများ တိုးမြင့်လာမည်ဖြစ် ကြောင်း၊ ပြည်ပခရီးသွားများဝင်ရောက်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေများပိုမိုရရှိလာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုရှိစေရေး နိုင်ငံတော် အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုများ မြှင့်တင် ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးအရ များစွာတိုးတက်ပြောင်းလဲလာ မည်ဖြစ်ကြောင်း။
နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု ရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ခရီးသွားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ရာတွင်လည်း နိုင်ငံအတွင်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု များရှိရန်လိုကြောင်း၊ နိုင်ငံရေး အရတည်ငြိမ်အေးချမ်းမှုအတွက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေးအရ လှုံ့ဆော် မှုများ ပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများ အပါအဝင် အခြားအုပ်ချုပ်မှုကိစ္စရပ် များ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှုများကိုဆောင်ရွက်၍ ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးကဏ္ဍနှင့် နိုင်ငံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေနွေးဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ပါတီများဘက်မှ အဆိုပြုချက်များလည်းရှိကြောင်း၊ အလားတူ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေးနေမှုများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး နောင်လာမည့်လွှတ်တော် သက်တမ်းတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီ ချက်များကိုပေါင်းစပ်၍ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုလျှင်မြန်စေမည်ဖြစ်ကြောင်း။
လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက် ခိုက်မှုများ မဖြစ်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရေး တပ်မတော်မှ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်၌ PDF များနှင့် ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များပြားလျက်ရှိကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့် ဒေသများထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားကြောင်း၊ ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ ကျသည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးဆောင်ရွက် လျက်ရှိပြီး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးများပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက် သည့် ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးသည့် အခြားနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ် ပြု၍မရကြောင်း၊ ပြည်ပ ပရောဂများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် ဝိဝါဒကွဲပြားမှုများရှိကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ တောင်းဆိုချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ ပါဝင်ကြောင်း၊ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နှစ်ဖက်ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်များကို ညှိနှိုင်း၍သဘောတူညီချက် ရရှိမည်ဆို ပါက ပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်၍ ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ်တွင် လေးစားစွာဖြင့် ဆောင်ရွက်သည့် သိက္ခာကို ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေပြင်ဆင် ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက် ၍မရ ကြောင်း၊ အားလုံးမှ တိုင်းရင်သားစည်းလုံး ညီညွတ်မှုကို အားလုံးတညီ တညွတ် တည်းရှိခဲ့သည်ကို ပြသခဲ့သည့်ပင်လုံစိတ်ဓာတ်ကို အခြေခံဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန်၊ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည့်အတွက် ဖက်ဒရယ်အခွင့်အရေးများကို ပြည်နယ်နှင့်တိုင်းများအားလုံး တစ်ပြေးညီရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကြိုတင်သဘော တူညီချက်များရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သည်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။
ပညာရည်မြှင့်တင်ရေးအတွက် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိမှု
ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့ပြီး လာမည့်ပညာ သင်နှစ်တွင် ခရိုင် ၅၀ ၌ စာသင်ကျောင်း ၅၀ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကျောင်းအတွက်လိုအပ်သည့်မြေနေရာနှင့် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ရှိရမည်ဖြစ်ကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုအတွက် စာသင်ကျောင်း များ တိုးချဲ့ဆောက်လုပ်ခြင်းသည် ငွေကုန်ကြေးကျများသည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံအတွက် ဘတ်ဂျက်များရရှိရေး စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ခရီးသွား ကဏ္ဍတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နေပြည်တော် State Academy ကိုလည်း လာမည့်အောက်တိုဘာကာလအတွင်း ဖွင့်လှစ်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့နှင့် တန်းတူဖြစ်ရမည်ဖြစ် ကြောင်း၊ နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းသားသမီးများကို ဦးစားပေးအနေဖြင့် သင်ကြား ပေးမည်ဖြစ်ပြီး နေပြည်တော် ၈ မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တတိယနှစ်မှစတင်ဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ပြီး နောင် ၄ နှစ်ကြာမြင့်ချိန်တွင် တက္ကသိုလ်အနေဖြင့် အပြည့်အဝသင်ကြား ပေးနိုင်သည့် တက္ကသိုလ်တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် ကောင်စီအဖွဲ့ဝင်များက နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ရရှိအောင် ဖော်ဆောင်ပေးနိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ရှရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်အား မှတ်တမ်းတင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းအောင်မြင်မှုရရှိစေရေး အတွက် မြေပြင်ကွင်းဆင်း တိုက်တွန်းအားပေး ဆောင်ရွက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ခန့်အပ်ထားသည့် သင်ကြားရေး အထောက်အကူပြုနှင့် ဘာသာစကားသင်ဆရာ ဆရာမများအတွက် ဆရာအတတ်သင် ကျောင်း သို့မဟုတ် တက္ကသိုလ် ဖွင့်လှစ်ပေးနိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ပန်းလှိုင်မြစ်ကူးတံတား တည်ဆောက်ပေးရေး၊ စပါးအထွက် နှုန်းတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွက်စိမ်းမြေဩဇာ တိုးချဲ့ အသုံးပြုရန် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရေး၊ နေပြည်တော်တွင် မြန်မာ့ယဉ်ကျေးမှုအမျိုးသားကဇာတ်ရုံများ စီစဉ်တင်ဆက်နိုင်ရေး အတွက် အမျိုးသားကဇာတ်ရုံတစ်ရုံ တည်ဆောက်ပေးရေး၊ ကုန်ဈေးနှုန်းမတည် မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသူများအား အရေးယူဆောင်ရွက်ပေးရေး၊ နိုင်ငံ့ ဝန်ထမ်းများ၏ ချေးငွေပြန်ဆပ်ကာလအား ထပ်မံတိုးမြှင့်ပေးရေး၊ ဒေသမျိုးရင်း ငါးမျိုးများတိုးပွားစေရေးနှင့် ငါးသယံဇာတတိုးပွားစေရေးအတွက် လိုအပ်သော အမိန့် နှင့်ညွှန်ကြားချက်များ ထုတ်ပြန်တားဆီးပေးနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနစ်များ ဖော်ထုတ်နိုင်ရန် ရှေးဟောင်းသုတေသနပညာရှင်များအား ပြည်ပနိုင်ငံများသို့ ပညာသင်စေလွတ်ရေးနှင့် ဓာတ်ခွဲခန်း ပညာမြင့်မားလာစေရန် ဆောင်ရွက်ပေးရေး၊ သီလဝါအထူးစီးပွားရေးဇုန်တွင် အဖျက်အမှောက်လုပ်ငန်းများ ဝင်ရောက်မလာစေရေး အတွက် လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ပေးရေး၊ ကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအတွက် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပပေးနိုင် ရေး၊ ဝန်ကြီးဌာနများတွင် ဝန်ထမ်းမိ သားစုများ သံယောဇဉ်နှင့် မိသားစုစိတ်ဓာတ် တိုးပွားစေရန် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ လက်ရည်တပြင်တည်း အတူတကွ စားသောက်နိုင်ရန်စီစဉ် ဆောင်ရွက်ပေးရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ကုန်ဈေး နှုန်းကျဆင်းစေရေးအတွက် ယခုနှစ် မိုးစပါးအမှန်တကယ်ထွက်ရှိမှုနှင့် အရန်ဆန် လျာထားမှုစာရင်းဇယားများအား အလေးထား ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ အထက်အောက်အနိုင်ကျင့်မှု မဖြစ်စေရန် မိဘ၊ဆရာပူးပေါင်း ထိန်းသိမ်းဆောင်ရွက်ရေး၊ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား CDM ဝန်ထမ်းများနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသူ များက နှောင့်ယှက်နေမှုများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး၊ စီမံကိန်း သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းအချို့၏ မသမာမှုလုပ်ရပ်ဆောင်ရွက်နေမှုများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ကောင်စီဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ လုပ်ငန်းအောင်မြင်မှုရရှိ စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်တွန်းအားပေးဆောင်ရွက်နိုင်ရန် စနစ်တကျ ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သင်ကြားရေးအထောက် အကူပြုနှင့် ဘာသာစကားသင်ဆရာ ဆရာမများခန့် အပ်တာဝန်ပေးခြင်းမှာ တိုင်းရင်း သားစာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာကိုထိန်းသိမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် သင်တန်းပေးရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ ၎င်းတို့အား ဒီပလိုမာဘွဲ့ ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ပန်းလှိုင်မြစ်ကူးတံတား စီမံကိန်းနှင့်ပတ်သက်၍ အကြို ဆန်းစစ်လေ့လာ မှုများ ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း၊ သစ်ရွက်စိမ်းမြေဩဇာ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအား ညွန်ကြားထား ကြောင်း၊ အထွက်နှုန်း ကောင်းမွန်စေရေးအတွက်အခြားသော ဓာတ်မြေဩဇာ ကိုလည်း ပေါင်းစပ်အသုံးပြုသွားရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာရရှိရေးအတွက် အချို့သောနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(ဗဟိုဌာန-၂) တွင်အမျိုးသားဇာတ်ရုံအဖြစ် အသုံးပြုနိုင်ရေးနှင့် ရိုးရာယဉ်ကျေးမှုပြဇာတ်များ ပြန်လည်ဖော်ထုတ် ပေးသွား မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများချေးငွေဆိုင်းငံ့ရေး ကိစ္စအချိန် တိုးမြှင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ရေးနှင့်ငွေကြေး တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ငါးသယံဇာတမပြုန်းတီး စေရေးအတွက် ထိန်းသိမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေ သနပညာရှင်များ ပြည်ပနိုင်ငံများသို့ ပညာတော်သင်စေလွှတ်လျက်ရှိကြောင်း၊ သီလဝါ အထူးစီးပွား ရေးဇုန် အပါအဝင် အထူးစီးပွားရေးဇုန်များ လုံခြုံစိတ်ချစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား လူငယ်များအတွက် ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ မိတ်ဆုံစားပွဲများ ဆောင်ရွက်နိုင်ရေး ညွှန်ကြားဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်သူ များနှင့် ဆက်နွယ်သူများက နှောက်ယှက်မှုများ မပြုနိုင်စေရန် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် တိုင်းပြည်ကို စိတ်ချရသည့် အနာဂတ်နိုင်ငံတော်ဖြစ်စေရန် ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများကို လေ့လာကြည့်ရာတွင် နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကို အခြေခံသည့်ပါတီနှင့် တိုင်းရင်းသားလူမျိုးကို အခြေခံသည့် ပါတီဟူ၍တွေ့ရှိရပါကြောင်း၊ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုကို ကန့်သတ်ချက်များ မထားပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့် NCA ကိုအခြေခံ၍ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယင်းဥပဒေများကို စနစ်တကျ လေ့လာ ထားရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကိုလမ်းမှန်ပေါ် ရောက်ပြီး အနာဂတ်နိုင်ငံတော်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ကောင်စီဝင်များက လေးလေးနက်နက် စဉ်းစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဖြင့်ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။