နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မကွေးပြည်သူ့ဆေးရုံကြီးရှိအသစ်ထပ်မံဆောက်လုပ်ထားရှိသည့်သားဖွားမီးယပ်နှင့်မွေးကင်းစကလေး(၃)ထပ်ကုသဆောင်အားသွားရောက်ကြည့်ရှုစစ်ဆေး   

နေပြည်တော် ဖေဖေါ်ဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ အသစ်ထပ်မံ ဆောက်လုပ်ထားရှိသည့် သားဖွားမီးယပ်နှင့် မွေးကင်းစကလေး (၃)ထပ်ကုသဆောင်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာသောင်းလှိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနီလာလှနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က သားဖွားမီးယပ်နှင့် မွေးကင်းစကလေး(၃)ထပ်ကုသဆောင်ကြီးအား ဂျပန်နိုင်ငံ နိုင်ငံအစိုးရအထောက်အပံ့ဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  (JICA)မှ ပူးပေါင်း၍ ဆောက်လုပ်ခဲ့မှုအခြေ အနေများ၊ ဆေးရုံသစ်ကြီးအတွင်း တပ်ဆင်ရန်ကျန်ရှိသည့် ဆေးရုံသုံးပစ္စည်းများ တပ် ဆင်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မကွေးဆေးတက္ကသိုလ်အတွက် သင်ကြားမှု အထောက်အကူပြုစေရန်အတွက် သင်ကြားရေးဆိုင်ရာများနှင့်ပတ်သက် သည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်းနေထိုင်သူများ၏ ပျမ်းမျှလူ့သက်တမ်း (Life Expectancy) သည် ၆၅ နှစ်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းမှာ ၆၇ ဒဿမ ၄၂ နှစ်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မွေးဖွားကလေးသေဆုံး မှုနှုန်း မြင့်မားသဖြင့်  ယခုသားဖွားမီးယပ်နှင့် မွေးကင်းစကလေး (၃)ထပ်ကုသဆောင် တည်ဆောက်ခြင်းကြောင့် တိုင်းဒေသကြီးအတွင်းများစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်တွင် မွေးဖွားလူနာ ၂၃၁၈ ဦးရှိကြောင်း၊ မကွေးမြို့သည် အချက်အခြာကျသည့် လမ်းဆုံမြို့တစ်ခုဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့်ဆောင်ရွက်ပေး နိုင်ရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း မကွေးမြို့သို့မိမိရောက်ရှိစဉ် ကျန်းမာရေးဝန်ကြီး၏ တင်ပြချက်အရ ဆေးရုံသစ်ကြီးတွင်တပ်ဆင်ရန်ကျန်ရှိနေသည့် ဆေးရုံသုံးပစ္စည်းများ အမြန်ရရှိရေး ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ချက်ချင်း  ဆွေးနွေးခဲ့ရာ ယခုအခါ ဆေးရုံသုံးပစ္စည်းများ ရောက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံသုံးပစ္စည်းများအား ကုသရေးလုပ်ငန်းများတွင် အကျိုးရှိရှိဖြင့် အသုံးချ ရန်လိုကြောင်း၊ ကျန်ရှိသည့် ဆေးရုံများကိုလည်း အဆင့်မြှင့်တင်နိုင်ရေးဆက်လက် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကင်ဆာရောဂါကုသရေးအတွက် ဆေးရုံများလိုအပ်ချက်ရှိသောကြောင့် ထပ်မံဆောက်လုပ်နိုင်ရး ကျန်းမာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံ အတွက်လျှပ်စစ်မီး ပြတ်တောက်ချိန်တွင် အရေးပေါ်မီးအတွက် အသုံးပြုနိုင်ရန်  နေရောင်ခြည် စွမ်းအင်သုံးဆိုလာလျှပ်စစ်မီးများ တပ်ဆင်ရန်လိုကြောင်း၊ ဆေးရုံများ တည်ဆောက်ရာတွင် ကျစ်ကျစ်လျစ်လျစ်ဖြင့် အကျိုးရှိစွာအသုံးချနိုင်ရေး စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဆေးရုံသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။