ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် – ၈

ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးအရ ဦးဆောင်ပြီး နိုင်ငံရေးအရချမှတ်ထားသည့် မူဝါဒများကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၊ ဒေသအလိုက်အကောင်အထည်ဖော် ဆောင်ရွက် ရသည့်  တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့များက  အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်စတင်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။

အဓိကအားဖြင့် မိမိတို့တာဝန်ယူခဲ့ရခြင်းမှာ ရွေးကောက်ပွဲရလဒ်အရ ဖြစ်ပေါ် လာသည့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့မည်ဆိုပါက ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရှိခဲ့မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲပြင်ဆင်ချိန် ကာလအတွင်း မိမိအနေဖြင့် နိုင်ငံရေးပါတီများ၏ မေတ္တာရပ်ခံချက်အရ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ရှိခဲ့ကြောင်း၊ ပါတီခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုတွင် အာဏာရပါတီမှ မမှန်မကန်ဆောင်ရွက်နေမှု များကိုတင်ပြခဲ့ကြောင်း။

ထိုသို့ဆောင်ရွက်နေမှုများအပေါ် မိမိအနေဖြင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို တိုက်ရိုက်နှင့် သွယ်ဝိုက်၍ ပြောဆိုခဲ့မှုများရှိခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို မကြာခဏပြောကြားခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် အခြားပါတီများအပေါ် ကန့်သတ်မှုများ ပိုမိုများပြားလာခဲ့ပြီး မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ချိန်တွင်လည်း ကွဲလွဲမှုများ များပြား စွာဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မဲဆန္ဒရှင်စာရင်းနှင့် ၂၀၁၅ ခုနှစ် မဲဆန္ဒရှင်စာရင်း တွင် မိမိတို့နိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းအရ မဲဆန္ဒရှင်စာရင်းများ ကွာဟချက်သည် လွန်စွာများပြားခဲ့ကြောင်း၊ မဲစာရင်းများ ပြန်လည်စိစစ်ချိန်တွင်လည်း မဲစာရင်းများ လွဲမှားနေသည်ကိုတွေ့ရှိရကြောင်း။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများကို မဲစာရင်းများပြန်လည် ရှင်းလင်းပြီးမှ လွှတ်တော်ခေါ်ယူရန်အတွက် မိမိကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်များရှိ သကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်လည်း ပြောကြားခဲ့ကြောင်း၊ သို့သော် လွှတ်တော်ခေါ်ယူခဲ့ခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်စတင်ယူချိန်မှစ၍ မဲစာရင်း ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မဲမသမာမှုဖြစ်အောင် ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် တာဝန်ရှိသူများကို ထိုက်သင့်သည့်အရေးယူမှုများပြုလုပ်ခဲ့ကြောင်း၊ မှန်ကန်သည့် မဲစာရင်းများထွက်ပေါ်လာစေရေးအတွက်လည်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးထား သူများ၊ အသက် ၁၈ နှစ်ပြည့်သော်လည်းနိုင်ငံသားအဖြစ် စိစစ်ခြင်းမပြုရသေးဘဲ မဲပေးသူများ၊ နှစ်ကြိမ်မဲပေးသူများနှင့် ကွယ်လွန်ပြီးသူများက ဆန္ဒမဲများ ပေးထားသည် ကိုစစ်ဆေးတွေ့ရှိရကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းမှာ စိစစ်မှုများ မရှိခဲ့ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်လက်ရှိအခြေအနေတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက လိုအပ်ချက်များကို ပြန်လည်စိစစ်ခဲ့ရာအများစုမှာ ပြီးစီးပြီဖြစ် ကြောင်း၊၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခဲ့ရာ အချို့တည်ငြိမ်မှု မရှိသည့် ဒေသများမှလွဲ၍ ကျန်ရှိသည့်ဒေသများတွင် ရာနှုန်းပြည့်နီးပါး ပြီးစီး ပြီဖြစ်ကြောင်း၊ အလားတူ နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသည့် နိုင်ငံသားများ ကိုလည်း နိုင်ငံသားစိစစ်ရေး ကတ်များပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် တိုင်းရင်းသားအားလုံး၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူများအားလုံး ရရှိအောင် ဆောင်ရွက်ပေးရန်အတွက် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန် လိုသကဲ့သို့ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ မထုတ်ပေးမိစေရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ သန်းခေါင်စာရင်းတွင် မပြည့်စုံမှုများနှင့်လစ်ဟာမှုများရှိကြောင်း၊  ကောက်ခံထားသည့် စာရင်းအရ လူဦးရေ ၅၅ သန်းရှိသော်လည်း ပြည်ပသို့ရောက်ရှိ နေသူ ၄ သန်းခန့်ရှိကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားပကတိအခြေအနေကို သိရှိရန်လည်းလိုကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်ကတည်းက လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အစီအမံအား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောက်ယူပြီးစီးချိန်တွင် လူဦးရေစာရင်းအနေဖြင့် အနီးစပ်ဆုံးစာရင်း ရရှိမည်ဖြစ်ကြောင်း။

ရှေ့လုပ်ငန်းစဉ်တွင် ဒုတိယအချက်သည် ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ကျဆင်းသွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးတက်အောင်ဆောင်ရွက်ခြင်း နှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံ ခြင်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုနှုန်းမှာ ၀  ဒသမ ၃ ရာခိုင်နှုန်းခန့်သာရှိပြီး အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိကြောင်း၊ ထိုအပေါ်တွင် ကျေနပ်နေ၍မရဘဲ ကာကွယ်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများကို အကြိမ် ပြည့် ထိုးနှံရန်လိုအပ်ပြီး လူတစ်ဦးအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို အနည်းဆုံး ၄ ကြိမ် ထိုးနှံနိုင်ပါက ကာကွယ်မှုအတွက် ပိုမိုထိရောက်သည်ကို ဆေးပညာရှင်များ၏ ပြောကြားချက်များအရ သိရှိရကြောင်း။

စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရန် အစိုးရတွင် တိုက်ရိုက် တာဝန်ရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကိုအခြေခံ သည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်တည် ဆောက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးစသည့် ဦးတည်ချက် သုံးရပ်ချမှတ် ထားကြောင်း။

မိမိတို့နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည်ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြကြောင်း၊ စီးပွားရေး လုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည်အဓိကကျပြီး အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း(SME)များနှင့် ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း မြေပေါ်၊ မြေ အောက် သယံဇာတပစ္စည်းများ၊ စိုက်ပျိုးမြေများ၊ ရေသယံဇာတပစ္စည်းများ၊ စိုက်ပျိုး ရေများပေါများစွာရှိကြောင်း၊ လူဦးရေအားဖြင့် ၅၅ သန်းခန့်ရှိပြီး ၅၀ ရာခိုင်နှုန်း အထက်သည် အလုပ်လုပ်ကိုင်နိုင်ကြသူများဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအရ နိုင်ငံ အတွင်း အလုပ်အကိုင် လုပ်ကိုင်နိုင်သူနှင့် အခွင့်အလမ်းများ များစွာရှိသည်ကို တွေ့ရှိရ ကြောင်း၊ လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ် များကို အသုံးချရန်လိုအပ်သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့် လူငယ် များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်လာရန်လိုအပ်သဖြင့် ပညာရေးတွင် KG + 9 ကိုအားပေးဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ နည်းပညာအရတိုးတက်မှုရှိ စေရေး ကောလိပ်များနှင့် တက္ကသိုလ်များတွင် သင်ကြား ပေးရမည်ဖြစ်ကြောင်း။

ခေတ်ကာလအခြေအနေအရ ယခုအခါ လူငယ်များသည် အလုပ်လုပ်ရင်း ပညာသင်သည့် အခြေအနေသို့ရောက်ရှိနေသဖြင့် ထည့်သွင်းစဉ်းစားရမည့် အချက် တစ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အနည်းဆုံးအခြေခံ ပညာ အလယ်တန်းနှင့်အထက်ရရှိစေရန် မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်း ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှုအပေါ်မူတည်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နိုင်မည့်သူများကို မွေးထုတ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း များသည် အလေးထားရမည့်ကဏ္ဍတွင်ရှိကြောင်း။

ပြီးခဲ့သည့် ၅ နှစ်ယခင်အစိုးရလက်ထက် ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှု အခြေအနေများကို စိစစ်ကြည့်ရာ ပြည်ပပို့ကုန်များကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး ၂၀၁၈ ခုနှစ်မှစ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာကျဆင်းလာခဲ့ကြောင်း၊ ဆန်သည် အဓိက ပို့ကုန်ဖြစ်ပြီး ထုတ်လုပ်မှုများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ၏ ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေးထွက်ကုန်သည် အဓိကကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်း များတိုး တက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြစေလို ကြောင်း။

လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စာသင်ကျောင်းများကို  ယခင်နှစ်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကိုလည်း ကျင်းပပေး နိုင်ခဲ့ကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင်လည်း ကျောင်းသားများအားလုံး ကျောင်း မပျက်ရန်နှင့် အမှန်တကယ် ပညာတတ်မြောက်စေရန်အတွက် သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လ တွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက် ရောက်နိုင်ရေးအတွက် ယခုအချိန်ကတည်းက အလေးထား ဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူလတန်းအဆင့်အထိ ပညာမသင် မနေရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့အစိုးရအနေဖြင့် KG + 9 အထိ သင်ကြားနိုင် ရေးနှင့် အခမဲ့သင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ သို့သော်အချို့သော ကျောင်းများတွင် အခကြေးငွေများကောက်ခံနေသည်ကို သိရှိရသဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

 အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ အသစ်ထပ်မံဖွဲ့စည်းထားသည့် ခရိုင်ရုံး များ လုပ်ငန်းလည်ပတ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတို့သည့် နိုင်ငံတော်စွမ်းပကား ကိုမြှင့်တင် ပေးသည့် ကဏ္ဍများဖြစ်ကြောင်း၊ ခရိုင်အဆင့်တာဝန်ရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားမည်ဆိုပါက တိုးတက်မှုများဖြစ်ပေါ် လာမည်ဖြစ် ကြောင်း၊ ခရိုင် ၅၀ ရှိအခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေးစီမံ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ထိုအထဲမှ ထူးချွန်သူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့် တက္ကသိုလ် များသို့ ဆက်လက် တက်ရောက်ကြရမည်ဖြစ်ကြောင်း၊ အခြားဝိဇ္ဇာသိပ္ပံ ပညာရပ်များသင်ကြား သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ပုံမှန်အတိုင်းဆက်လက်ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း။

မိမိတို့တွင် နိုင်ငံတော်သာယာဝပြောရေးနှင့် နိုင်ငံတော်စားရေရိက္ခာပေါများရေး အမျိုးသားရေးပန်းတိုင် ၂ ရပ်ရှိကြောင်း၊ ဒုတိယအချက်ဖြစ်သည့် နိုင်ငံတော်စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်ပြီး မိမိတို့လုပ်နိုင်သည့် အချက်များစွာရှိကြောင်း၊ ပြည်တွင်းတွင် ဆန်၊ ပဲ၊ ပြောင်း သီးနှံများ ဖူလုံလျက်ရှိပြီး နိုင်ငံခြားသို့တင်ပို့နေ ကြောင်း၊ ဆီထွက် သီးနှံမြေပဲနှင့်နှမ်းများလည်း ပြည်ပသို့တင်ပို့နေရကြောင်း၊ သို့သော် လည်း ပြည်ပမှစားသုံးဆီများ တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီအုန်း စိုက်ဧက ၄ သိန်းခန့်ရှိ သည်ဟု သိရှိရကြောင်း၊ သို့သော် အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင် ဆီအုန်းအထွက်နှုန်း အလွန်နည်းနေသည်ကို တွေ့ရှိရကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတကာနှင့် ယှဉ်ပါက နည်းနေသေးကြောင်း၊ ဆီထွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့မှသာ ပြည်တွင်း ဆီဖူလုံမှု အထိုက်အလျောက် ရှိလာမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုကို သေသေချာချာ ထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါကလာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီး ချိန်တွင် ဆီဖူလုံမှု အပြည့်အဝရရှိ လာနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း၊ ပြည်ပမှတင်သွင်းမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆီဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်ပြီး မွန်ပြည်နယ်သို့ အဓိကဖြည့်တင်းပေး ရန်လိုကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လိုအပ်သည့် စားသုံး ဆီလိုအပ်ချက်ကို နေကြာ၊ နှမ်း၊ ပဲ၊ ပန်းနှမ်း၊ ပဲပုတ် ဆီတို့ဖြင့် ဖြည့်ဆည်းသွားနိုင် ကြောင်း။

စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါး စိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ စိုက်ဧက ၁၇ သန်းကျော်ရှိသော်လည်း နွေစပါး၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုသည် ရည်မှန်းချက် မပြည့်မီသေးကြောင်း၊ စိုက်ဧက၊ ပြည်ပပို့သည့် ဆန်နှင့် လက်ကျန်ရှိသည့်ဆန်ကို ရာသီအလိုက် ချိန်ဆရာတွင် အလျှံပယ်ပိုခြင်း မရှိ သည်ကို တွေ့ရကြောင်း၊ သတိထားရမည့် အခြေအနေမျိုးရှိကြောင်း၊ မိုးစပါးကို တစ်ဧက ၇၅ တင်းခန့်ထွက်မည်ဟု ခန့်မှန်းထားကြောင်း၊ ပထမအဆင့်အနေဖြင့် မိုးစပါးကို တစ်ဧက ပျမ်းမျှတင်း ၈၀ ခန့်ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၇၅ သန်းခန့်ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ နွေစပါးကို တစ်ဧက တင်း ၉၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့် တစ်ဧက ၉၅ တင်းခန့် ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၁၅ သန်းခန့်ပိုမို ထွက်ရှိလာမည် ဖြစ်ကြောင်း၊ နွေးစပါး၊ မိုးစပါးနှစ်ခုပေါင်းပါက စပါးတင်း စုစုပေါင်း ၉၀ သန်းခန့် ပိုမိုလာမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ရည်မှန်း ချက်ပန်းတိုင်များ ချမှတ်ပြီး အသေအချာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန် ဖြစ်အောင် အလေးထား ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ အစိုးရပိုင်းအနေဖြင့် သွင်းအား စုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေများ ရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နွေရာသီတွင် ရေလုံလောက်စွာရရှိရေးအတွက် ရေသိုလှောင်သည့်စနစ်၊ မြေ အောက်ရေကို စနစ်တကျ သုံးစွဲသည့်စနစ်တို့ဖြင့် အကျိုးရှိရှိ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်လာပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိလာမည်ကြောင်း၊ ထို့ပြင်သုံးစွဲမှုနှင့် ဝယ်လို အား တက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကျေးလက်ကိုအခြေခံပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အလေးထားဆောင်ရွက်ကြစေ လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ အသားစား ကြက်၊ ဝက် မွေးမြူရေးလုပ်ငန်း များသည် အချိန်တိုအတွင်း ငွေပြန်ပေါ်နိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် မတည်အရင်းအနှီးများ ကူညီထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်များ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံသည့် ဖွံ့ဖြိုးရေးလုပ်ငန်း များကို အဓိကဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည် ဖြစ်ကြောင်း။

စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ပြည်ပမှ ရေနံနှင့် ရေနံထွက် ပစ္စည်းများ တင်သွင်းနေရသဖြင့် ပြည်ပမှ တင်သွင်းမှုကို လျှော့ချသွားရန်လိုကြောင်း၊ ပြည်တွင်းတွင် အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသများရှိ တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုများ စနစ်တကျဖြစ်ရန်လို ကြောင်း၊ ရေနံထုတ်လုပ်မှုလုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊

ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းများ၊ စီမံကိန်းများဆောင် ရွက်သွားကြရန်လိုကြောင်း၊ လာမည့်နှစ်တွင် ဒေသအလိုက် လျှပ်စစ်ဓာတ်အား ဖူလုံ စေရေး ရေအား၊ ဆိုလာစနစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြံဆ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှု စီးပွားဘဝ အထိုက်အလျောက် တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊

အားကစားနှင့်ပတ်သက်၍ ချက်ချင်းထလုပ်၍ ရသည့်လုပ်ငန်း မဟုတ်သည့် အတွက် အချိန်ယူ လေ့ကျင့်မွေးထုတ်သွားရန်လိုကြောင်း၊ ပြည်သူလူထု ကျန်းမာရေး အတွက် အလွယ်ကူဆုံးအားကစားမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကိုယ်လက်လှုပ် ရှားခြင်း တို့ရှိကြောင်း၊ ကျန်းမာမှ ပညာရေး၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ အနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ မိမိကိုယ်တိုင်ကစပြီး ဂရုတစိုက်ဆောင်ရွက်ကြ ရန်၊ လက်အောက်အဆင့်ဆင့်ကိုလည်း တွန်းအားပေးကြပ်မတ်ဆောင်ရွက်သွားရန်နှင့်  ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက် အားကစား ကွင်းများ တည်ဆောက်ရာတွင် ရေရှည်မျှော်တွေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ပြည်သူများ အကျိုးရှိအောင် နည်းလမ်းရှာဖွေ လုပ်ဆောင်ကြရန် တိုက်တွန်း လိုကြောင်း။

တက်ရောက်လာကြသူများအနေဖြင့် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် ၁၈ လ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်နှင့် ဒေသအတွက် အမှန် တကယ် အကျိုးရှိမည့် ရှေ့ဆက်ဆောင်ရွက်မည့် အစီမံများကို တင်ပြကြစေလို ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသ၏ အုပ်ချုပ်ရေး၊ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။