နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၁

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်း နွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် မိသားစုဝင် များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီ ကတည်းကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်ခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်းနေထိုင်လာခဲ့ကြသည့် သမိုင်းကြောင်း အစဉ်အလာကောင်းများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း။
ယနေ့သည် မိမိတို့မြန်မာနိုင်ငံအတွက် မမေ့အပ်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည့်နေ့ဖြစ်ပါကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလ မှယနေ့အထိ အသက်ခန္ဓာနှင့်သွေးချွေးများကို ပေးဆပ်ပြီး ထူးကဲစွာ ဆောင်ရွက် ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုး အတွက်သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့်အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာအဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံ ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ယခုကဲ့သို့မင်္ဂလာရှိပြီး ထူးခြားလေးနက် သည့် အခါသမယတွင် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ဂုဏ်ပြုချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အရေးအရာများနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် ခေတ်အဆက်ဆက်တွင်လည်း အမြင်တူခြင်းမတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်း များရှိခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင်လည်း အမြင်တူခြင်း မတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းများ ရှိနေပါသေးကြောင်း၊ ယခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းသည် တိုင်းပြည်လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသူများနှင့် ဂုဏ်ပြုချီးမြှင့်ထိုက်သူများ အားလုံးကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း။
ယခုကဲ့သို့နေ့ထူးနေ့မြတ်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ပေးအပ်ချီးမြှင့်သည့် အစဉ်အလာကောင်းများရှိခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည်မှာ တစ်ခဏတာ အတွင်း ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေးရရှိနိုင်ရန်ကြာမြင့်စွာ ကြိုးပမ်းဆောင် ရွက်ရ သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း လွတ်လပ် ရေးပြန် လည်ရရှိရန်အတွက် နှစ်ပေါင်း (၁၀၀)ကျော် မိမိတို့မိဘဘိုးဘွားများ၏ အသက်၊ သွေး၊ ချွေး မြောက်များစွာစတေးပြီး အလွန်တရာခက်ခဲပင်ပန်းစွာ ကြိုးစား အားထုတ်ခဲ့ ရသည့် အတွက် အလွယ်တကူရရှိခဲ့ခြင်း မဟုတ်သည်ကို မမေ့အပ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသားအားလုံး ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်နှင့် စွန့်လွှတ်စွန့်စားပြီး ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြသဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယခုကဲ့သို့ ရယူခဲ့ရသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး၏ အသက်ခန္ဓာပင်ဖြစ်ပါကြောင်း၊ အမျိုးသား ခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင် မျိုးချစ်ပုဂ္ဂိုလ်များ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့သည့် မြန်မာ့လွတ်လပ်ရေး အစဉ်ထာဝရတည်တံ့ နေစေရန် အတွက် ယခုကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များကို အလေးအနက်ခံယူပြီး၊ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း၊ လွတ်လပ်သည့် နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်ရန် ဆောင်ရွက်ရမည့်တာဝန်သည် မိမိတို့မြန်မာနိုင်ငံသားအားလုံး၊ တိုင်းရင်းသား ပြည်သူအားလုံး၏တာဝန်ပင် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် ဘက်စုံ၊ ထောင့်စုံမှတည်ဆောက်သည့်နေရာတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး တာဝန် များကို အများထက်ထူးကဲသာလွန်စွာ ကြိုးစားထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာကောင်း တစ်ရပ်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့က ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်များကို ဖြည့်စွက်ပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ပြီးထောက်ခံတင်ပြချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ချီးမြှင့်ရခြင်း ဖြစ်ပါကြောင်း။
ယခုနှစ်တွင် ၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦးကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အခမ်းအနား ပထမနေ့တွင် အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့ရရှိသူ(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရရှိသူ (၁)ဦး၊ အဂ္ဂမဟာ သရေစည်သူဘွဲ့ရရှိသူ (၄)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ (၂)ဦး၊ မဟာ သရေစည်သူဘွဲ့ရရှိသူ (၆)ဦး၊ သရေစည်သူဘွဲ့ရရှိသူ (၁၁)ဦး၊ စည်သူဘွဲ့ရရှိသူ (၇၈)ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁) ဦး၊ သူရဘွဲ့ရရှိသူ (၄)ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၅၀)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (သံအမတ်ကြီးများ) (၂၈)ဦး၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသူ (အကြံပေးပုဂ္ဂိုလ်) (၈)ဦး၊ စုစုပေါင်း (၂၀၆)ဦးတို့ကို လက်ရောက် ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။
ယခုရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များသည် မိမိတို့ဖြတ်သန်းခဲ့ရသည့် ခက်ခဲ ကြမ်းတမ်းသောဘဝကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြသည့် မိမိတို့ စွမ်းဆောင် ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံခဲ့ရသော သင်္ကေတ အမှတ်အသား တစ်ခုဖြစ်သည့်အတွက် ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုနိုင် တော့သည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း သားစဉ်မြေးဆက် ဂုဏ်ယူစရာဖြစ်ပါကြောင်း နှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်း အလေးအနက် ပြောကြားလိုပါကြောင်း၊ မိဘ၊ ဘိုး၊ ဘွားများ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့သည့် ကြီးမြတ်သောဂုဏ်ကို ဆက်လက်စောင့်ထိန်းပေးရန်လည်း ပြောကြားလိုပါကြောင်း။
ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသကဲ့သို့ ဆက်လက်ပြီး အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ပေးအပ်ရာ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် အဂ္ဂမဟာ သရေ စည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း)ဦးနု(ကိုယ်စား)သမီး ဒေါ်သန်းသန်းနု ကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးစန်းယု (ကိုယ်စား) သမီး ဒေါ်လဲ့လဲ့ယု ကိုလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး စောမောင် (ကိုယ်စား) သား ဦးသီဟစော ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် အဂ္ဂမဟာသရေစည်သူ ဘွဲ့ရရှိသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးနေဝင်း (ကိုယ်စား) သမီး ဒေါက်တာ ခင်စန္ဒာဝင်း ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိကြသည့် ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးသူရကျော်ထင် (ကိုယ်စား) ဦးသန့်ကျော်ကို လည်း ကောင်း၊ မဟာသရေစည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးဗဆွေ (ကိုယ်စား) သမီး ဒေါ်နေရည်ဗဆွေ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) သူရ ဦးထွန်းတင် (ကိုယ်စား)သား ဦးရဲမြင့်ထွန်း၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး အေးကို(ငြိမ်း) (ကိုယ်စား) မြေး ဒေါ်မေသက်ကျော်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ(ငြိမ်း) (ကိုယ်စား) သား ဦးဇော်ထွန်းနှင့် ဒုတိယ ဝန်ကြီးချုပ်(ငြိမ်း) ဦးကျော်ငြိမ်း (ကိုယ်စား) သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ကို လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့၊ ဇေယျ ကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူများကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ ၎င်းတို့၏မိသားစုဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။