နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် – ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ များကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည့်အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန် ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။