နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်                                             

၂၀၂၂ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း

အားလုံးမင်္ဂလာပါ။

          ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်။

          အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂရုပြု အာရုံစိုက်မိလာစေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အလေးထား အကောင်အထည်ဖော်လာ‌စေဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာနဲ့အဝန်း ကျင်းပကြ ပါတယ်။ အဲ့ဒီလို ကျင်းပနိုင်ဖို့အတွက်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၆ ခုနှစ်ကစပြီး ဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်ပေးခဲ့ပါတယ်။

         ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ “စဉ်ဆက်မပြတ်တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” )Gender equality today for a sustainable tomorrow)ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်အရဆိုပါက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုခိုင်မာတဲ့ အနာဂတ်တည်ဆောက်ရေးမှာ ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ဖြစ်စေရေး၊ လျော့ပါးသက်သာစေရေးနဲ့ ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ၊ မိန်းကလေးငယ်များရဲ့ အထောက်အကူပြု စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်ပြုကြရမှာ ဖြစ်သလို (၂၁)ရာစု စိန်ခေါ်မှုတွေဖြစ်တဲ့ ရာသီဥတုဆိုင်ရာ အကျပ် အတည်းတွေ၊ ဘေးအန္တရာယ်ဖြစ်ပွားမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကျား၊ မ တန်းတူညီမျှမှုကို ပိုမိုထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းကို ကမ္ဘာ့နိုင်ငံတွေအားလုံးက သတိပြုမိစေမှာ ဖြစ်ပါတယ်။

          ကျွန်တော်တို့အားလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်တွေဆီ အရောက်လှမ်းရာမှာ ကမ္ဘာ့နိုင်ငံတွေကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ အဟန့် အတားတွေများစွာထဲက အဓိကကျတဲ့ အဟန့်အတားတွေကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ ဇီဝဖြစ်စဉ်များနှင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (biophysical changes)ကိုသာမက လူမှုရေး သက်ရောက်မှုတွေကိုလည်း ဖြစ်စေပါတယ်။

          ရာသီဥတုပြောင်းလဲမှုကြောင့် ကျား၊ မ ရေးရာ၊ အဆင့်အတန်း၊ ရွှေ့ပြောင်းမှုအခြေအနေ၊ အသက်အရွယ်၊ မသန်စွမ်းမှုစတဲ့ ဝိသေသ လက္ခဏာများအပေါ်အခြေခံပြီး မညီမျှမှုတွေ၊ အမျိုးမျိုးသော ထိခိုက် လွယ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အမျိုးသမီးတွေဟာ အမျိုးသားများထက် ပိုပြီး ခံစားကြရပါတယ်။ အဲ့ဒီလိုခံစားကြရတဲ့ အကြောင်းရင်းကတော့ အမျိုးသမီးတွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် အများဆုံးထိခိုက်မှုဖြစ်စေတဲ့ သယံဇာတတွေအပေါ် ပိုမိုမှီခိုနေရပြီး ဆင်းရဲမှုကိုလည်း ပိုပြီးခံစားနေရလို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ပါဝင် ဆောင်ရွက်တဲ့ လုပ်ငန်းသဘာဝအရပတ်ဝန်းကျင်နဲ့ ဂေဟစနစ်များ အကြောင်းကို ဗဟုသုတကြွယ်ဝသူတွေဖြစ်ကြတဲ့အတွက် ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေး၊ လျော့ပါးသက်သာစေရေးနဲ့ ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင် ဆောင်ရွက်ပေးနိုင်တဲ့ သူတွေအဖြစ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရေးနဲ့ တုံ့ပြန်ရေးကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေအနေနဲ့ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး အပြည့်အဝနဲ့ ထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း သတိရှိကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

          ဒီလိုအမျိုးသမီးများရဲ့ အရေးပါမှုတွေကို ၁၉၉၂ ခုနှစ်မှာ အတည် ပြုခဲ့တဲ့ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change) မှာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ကျား၊ မ တန်းတူ ညီမျှမှုရရှိရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုပြီး အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများကို ကွန်ဗင်းရှင်းအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများမှာ ပါဝင် ဆောင်ရွက်စေရမည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ကြရမှာဖြစ်ပါတယ်။

         မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုး အတည်ပြုချိန်ကစပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို အလေးထားအကောင်အထည်ဖော် လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ(၂၀၁၉)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ(၂၀၁၉)နဲ့ မြန်မာ နိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) တို့ကို မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲ ထားပြီး ကျား၊ မ ရေးရာတန်းတူညီမျှမှုတွေ၊ အမျိုးသမီးများနဲ့ မိန်းကလေး ငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ရေးကိစ္စတွေကို ပေါင်းစပ်ထည့်သွင်း ထားကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။

          မဟာဗျူဟာစီမံကိန်းမှာ သဘာဝအရင်းအမြစ်များအား စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျော ညီထွေဖြစ်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းတို့မှာ အမျိုးသမီးများ အဓိပ္ပါယ် ပြည့်ဝစွာပါဝင်နိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေးကို အဓိက ဦးတည်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးများနဲ့ သဘာဝပတ်ဝန်းကျင်ကို အဓိကလုပ်ငန်းနယ်ပယ်(၁)ခု အဖြစ် ထည့်သွင်းပြီး ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါ တယ်။ ဒီကဏ္ဍပေါင်းစုံပါဝင်တဲ့ မဟာဗျူဟာစီမံကိန်းဟာ အမျိုးသားရော အမျိုးသမီးများပါ အခန်းကဏ္ဍအသီးသီးမှာ အဓိပ္ပါယ်ပြည့်ဝစွာ တန်းတူ ညီမျှပါဝင်နေပြီး ပိုမိုပြည့်စုံကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖန်တီးရာမှာ အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ အပြည့်အဝယုံကြည် ပါတယ်။

          ၂၀၂၂ ခုနှစ်သည် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာဗျူဟာစီမံကိန်းကာလအတွင်း အဓိကလုပ်ငန်း နယ်ပယ်အလိုက် အကောင်အထည်ဖော်မှုဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်မှုများပြုလုပ်ပြီး ရှေ့လာမဲ့ ကာလတွေအတွက်လည်း မဟာဗျူဟာစီမံကိန်းအသစ်တစ်ခု ရေးဆွဲရေး အတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ ဝန်ကြီး ဌာန/အဖွဲ့အစည်းအသီးသီးအနေနဲ့လည်း မိမိတို့နဲ့သက်ဆိုင်တဲ့ ကဏ္ဍ တွေမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်ပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်း မှာကြားလိုပါတယ်။

          ယခုလို မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်နဲ့ စီမံကိန်း တွေမှာ ကျား၊ မ ရေးရာတန်းတူညီမျှမှုကို စနစ်တကျ ပါဝင်ထည့်သွင်း စဉ်းစား၍ ရေးဆွဲအကောင်အထည်ဖော်မှုတွေဟာ ရာသီဥတုပြောင်းလဲမှု နှင့်သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အမျိုးသမီး၊ မိန်းကလေးငယ်တွေရဲ့ ဦးဆောင်ပါဝင်နိုင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့အတွက် အထောက် အကူပြုစေမဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကျန်းမာ ပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် သည့်နည်းဖြင့် ဖော်ဆောင်ရေးအတွက်လည်း များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပြီးပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးတဲ့ အကြောင်းတရားတို့ကို ရရှိဖို့အတွက် နယ်ပယ် အားလုံးမှာ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့် နိုင်သလောက် တိုးမြှင့်ပေးဖို့လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

          ဒီပြဋ္ဌာန်းချက်တွေကို အလေးအနက်ထားတဲ့အနေနဲ့ မိမိတို့နိုင်ငံ အနေနဲ့လည်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါတယ်။ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာသာမက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်များအထိ အမျိုးသားများနဲ့ရင်ပေါင်တန်းကာ ပါဝင်ခွင့် ရရှိရေးကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိတာတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုလည်း ရရှိနေပါတယ်။ ရရှိပြီးတဲ့ တိုးတက်မှုများကို အရှိန်ရစေဖို့၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအနေနဲ့ အစဉ်အလာအရ တွေ့ကြုံနေရတဲ့ အခက်အခဲ အတားအဆီးတွေ၊ (၂၁) ရာစုမှာ တွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် လိုအပ်နေတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေအသစ်တွေ ရေးဆွဲဖို့လိုအပ်သလို ရှိနေပြီးသည်များကိုလည်း လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

          နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ ဒီလို အဖိုးတန်တဲ့ လူသား အရင်းအမြစ်တွေကို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ် စေရေးနဲ့ လျော့ပါးသက်သာစေရေး လုပ်ငန်းအပါအဝင် ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တို့ရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့နဲ့ ထိုသို့ အသုံးချနိုင်ဖို့အတွက်လည်း အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ် ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။