နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့် တစ်သားတည်းရှိ

နေပြည်တော်၊ နိုဝင်ဘာ – ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၆/၂၀၂၃)ကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နောက်ခံအကြောင်းအရင်းများနှင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်အရေးယူ၍အင်အားတိုးချဲ့စုဆောင်းခြင်းများ ပြုလုပ်လာမှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင်  တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ ပြောကြား ရာ၌ KIA အဖွဲ့အနေဖြင့် ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါသဘောတူစာချုပ်တွင် တပ်မဟာ ၄ ခုနှင့်အခြေပြုစခန်း ၉၄ ခုကို သတ်မှတ်ပေးခဲ့ကြောင်း၊ သို့‌သော် ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်း၊ မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းများပြုလုပ်၍ အင်အား တိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင်လိုင်ဇာ၊ လိုင်စင်ပို့(စ်)တို့၌လည်း လက်နက်ခဲယမ်း စက်ရုံများ တည်ဆောက်ခြင်းနှင့် လူအင်အားတိုးချဲ့ခြင်းများဆောင်ရွက်ခဲ့သည်ကို‌တွေ့ရှိရကြောင်း။

၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအရ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အစွန်းရောက်သည့် လူငယ်များကို KIA စခန်းများ၌ စစ်ရေးလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ခြင်း၊ တပ်များဖွဲ့စည်းပေးခြင်းနှင့် လက်နက်ခဲယမ်းများတပ်ဆင်ပေးခြင်းများကို အသစ်ဖွဲ့စည်းသည့် KIA တပ်မဟာ(၈) က အဓိကဆောင်ရွက်ခဲ့ကြောင်း၊ KIA  အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ယခုအချိန်အထိ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေချိန်၌ KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်းငယ်တစ်ခုကို တိုက်ခိုက် ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် လက်တုန့်ပြန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ရ ကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း၌ အကြမ်းဖက်လုပ်ရပ် များဆောင်ရွက်ရာတွင် KIA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ သာ မက AA အဖွဲ့များပါ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး၊ ခမ်းပတ် မြို့များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ သကဲ့သို့ ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ လိုင်လင်းပီ မြို့များကိုလည်း ပစ်ခတ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါဒေသမှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်နှင့်လက်တွဲ၍ ပူးပေါင်းတိုက်ခိုက်မှုများကို ဆောင် ရွက်ခဲ့သကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့များ၏ သတင်း များကို တပ်မတော်သို့ပေးပို့ခြင်းကြောင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။

အလားတူ UWSA အဖွဲ့နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ်တွင် ဥပဒေဘောင်အတွင်း သို့ဝင်ရောက်၍ ငြိမ်းချမ်းရေးယူခဲ့ပြီး နိုင်ငံတော်အနေဖြင့် “ဝ” ဒေသကို အထူးဒေသ (၂) အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ရိက္ခာဖူလုံမှုမရှိသဖြင့် အဆိုပါ “ဝ” ဒေသအတွက် လိုအပ်သည့်ဆန်များကိုလည်း စဉ်ဆက်မပြတ်ထောက်ပံ့ပေးပို့ခဲ့ကြောင်း၊ UWSA အဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးယူခဲ့သည်မှာနှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ကြောင်း၊ “ဝ” ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးခဲ့ ကြောင်း၊ သို့သော်လွန်ခဲ့သည့် ၁၀ စုနှစ်မှစ၍ “ဝ” ဒေသသည် သိသိသာသာ ဖွံ့ဖြိုး တိုးတက်လာခဲ့ကြောင်း၊ ခေတ်မီမြို့ပြအဆင့်သို့ပင် ရောက်ရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ထိုသို့တိုးတက်လာမှုနှင့်အတူ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုများကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း၊ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း။

၂၀၀၉ ခုနှစ် လောက်ကိုင်အရေးအခင်းဖြစ်ပွားချိန်တွင် ဖုန်ကြားရှင်နှင့် နောက် လိုက်အဖွဲ့များအနေဖြင့် ၎င်း၏သားမက်ရှိရာ မိုင်းလားဒေသသို့ထွက်ပြေးတိမ်းရှောင် ခဲ့ပြီး အချို့မှာ တစ်ဖက်နိုင်ငံနှင့် အခြားဒေသများသို့ တိမ်းရှောင်ခဲ့ကြကြောင်း၊ လက်ရှိ တွင် ဖုန်ကြားရှင်၏သား ဖုန်တာရွှင် ဦးစီးသည့်အဖွဲ့သည် MNDAA လက်ကျန်အဖွဲ့နှင့် ကိုးကန့်များကိုစည်းရုံး၍ အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ ကြောင်း၊ ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA ၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဖုန်တာရွှင် ဦးစီးသည့် အဖွဲ့သည် ၂၀၁၅ ခုနှစ်ကလည်း တပ်မတော်လုံခြုံရေးစခန်းများ ကိုတိုက်ခိုက်ခဲ့ ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်တွင် လည်း မုန်းကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးခစန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ၂၀၁၇ ခုနှစ်တွင် ရန်လုံကျိုင်း ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် အာဏာပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်လက်တွဲဆောင်ရွက်နေသည့် TNLA အဖွဲ့ အနေဖြင့်လည်း မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်း ပေါ်ရှိ နောင်ချို၊ သိန္နီမြို့များကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့ကို လည်းနှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ အဓိကအား ဖြင့် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်လည်း နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် အဓိကနေရာဖြစ်သည့် မူဆယ်ကိုလည်း လာရောက်တိုက်ခိုက်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ TNLA အဖွဲ့အနေဖြင့် မန္တလေး-လားရှိုးလမ်း ကြောင်းကိုဖြတ်တောက် တိုက်ခိုက် နေခြင်းဖြစ် ပြီး အဓိကအားဖြင့် လားရှိုး – မူဆယ် – ချင်းရွှေဟော် ဆက်သွယ်သည့် လမ်းကြောင်း ပေါ်မှအဓိကကျသည့် သိန္နီမြို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ကိုတွေ့ ရကြောင်း၊ အလားတူ MNDAA တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် TNLA အဖွဲ့အနေဖြင့် ထပ်ဖြည့်တိုက်ခိုက်သည်ကိုတွေ့ရကြောင်း။

TNLA အဖွဲ့အနေဖြင့် ၂၀၀၉  ခုနှစ်တွင် KIA ၏ အကူအညီဖြင့် လိုင်ဇာတွင် စတင် ဖွဲ့စည်းခဲ့သည်ဟုသိရှိရကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ TNLA ၏ ရည်ရွယ်ချက်မှာ ပလောင်ဒေသ ရရှိ ရေးပင်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင်ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ၂၀၁၈ ခုနှစ်တွင် မူဆယ်မြို့ရှိ ပြည်သူ့စစ်စခန်းများနှင့် လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများကို လက်နက်ခဲ ယမ်းများ ထောက်ပံ့ပေးခဲ့သည်ကို သိရှိရသဖြင့် ဝင်ရောက်ရှင်းလင်းစဉ် လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ များစွာသိမ်းဆည်းရမိခဲ့ကြောင်း။

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များကိုသုံးသပ် ကြည့်မည်ဆိုပါက သာလွန်အင်အားများစုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံး ချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များအသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် Drop Bomb အသုံးပြုမှုမှာ ယခုအချိန်အထိ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့်အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ကိုသိရှိရကြောင်း။

မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ ဖြစ်ပေါ်ခဲ့သည့် ဆူပူမှု နှင့် အကြမ်းဖက်မှုများကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့များပူးပေါင်း၍ နယ်မြေလုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ဆင်ရေးဆောင်ရွက်ချိန်တွင်လည်း အထူးကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အတွက် အချို့နေရာများတွင် လုံခြုံရေးအရ တပ်ဖွဲ့ဝင်များထားရှိရသည်များရှိကြောင်း၊ အဆိုပါနေရာများသို့ MNDAA နှင့်ပူးပေါင်းအဖွဲ့များက Drop Bomb များဖြင့်တိုက်ခိုက် ခြင်း၊ သာလွန်အင်အားများဖြင့် တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစု ဝင်များ၏ အသက်အန္တရာယ်လုံခြုံရေးအရ အချို့နေရာများကို စွန့်ခွာပေးခဲ့ကြောင်း၊ နယ်စပ်ဒေသဖြစ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှအထင်အမြင် မလွဲမှားစေရန် ကန့်သတ် ထိန်းသိမ်း ဆောင်ရွက်ရပြီး အရပ်သူအရပ်သားအပြစ်မဲ့ ပြည်သူများမထိခိုက်အောင် လည်း ဆောင်ရွက်ခဲ့ရခြင်းများလည်းရှိကြောင်း။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများ ဖြစ်လာခဲ့ခြင်းမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းလောင်းကစားများမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့်  လောင်းကစားဝိုင်းများဖြင့် လုပ်ဆောင်ခဲ့မှုများရှိကြောင်း၊ ကိုဗစ် – ၁၉ ဖြစ်ပွားချိန်တွင် အသွားအလာများတုန့်ဆိုင်းသွား သဖြင့် အွန်လိုင်းမှ လောင်းကစားများလုပ်ဆောင် ခဲ့ပြီး လုပ်ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူပြုဝန်ထမ်း များကို ခေါ်ယူ၍လုပ်ဆောင်ခဲ့ရာ တရားမဝင်နိုင်ငံခြားသားများပါ လောက်ကိုင် ဒေသသို့ဝင်ရောက်ခဲ့ကြောင်း၊ ဖော်ထုတ်ရမိသည့် နိုင်ငံခြားသားများအနက် နိုဝင်ဘာ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသူ ၂၀၃၅ ဦး၊ ရှာဖွေဖမ်းဆီးလွှဲပြောင်းသူ ၃၇၃၈ ဦး၊ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူ ၃၇၉၃၆ ဦး၊ စုစုပေါင်း ၄၃၇၀၉ ဦးရှိပြီဖြစ်ပြီး    အချို့မှာလွှဲပြောင်းပေးရန်ကျန်ရှိနေသေးကြောင်း။

AA အဖွဲ့အနေဖြင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် KIA နယ်မြေတွင်စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည် ကိုတွေ့ရှိရကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောက်တော်မြို့နယ်အတွင်း၌ ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် တပ်တည်ဆောက် ခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ရှင်းလင်းဆောင်ရွက်ခဲ့ရ ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်တွင်လည်း နယ်စပ်ကင်းစခန်းများကို တိုက်ခိုက်ခဲ့ သကဲ့သို့ ပလက်ဝမြို့နယ်မှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် တုန့်ပြန်ဆောင်ရွက်ခဲ့ ရကြောင်း၊ ထိုအချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း AA နှင့်တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် နီပွန်ဖောင်ဒေးရှင်းမှ စေ့စပ်စီစဉ်ပေးမှုဖြင့် ပစ် ခတ်တိုက်ခိုက်မှုများရပ်စဲပေးခဲ့ပြီး တစ်ဖက်မှလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားခြင်းမှ ရုတ်သိမ်းပေးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ AA အဖွဲ့အနေဖြင့် လူသစ်စုခြင်း၊ ပြန်ပေးဆွဲခြင်း၊ အုပ်ချုပ်မှုကိစ္စရပ်များတွင်ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်စခန်းများ တိုးချဲ့ဆောက်လုပ်လာခြင်းကြောင့် မိမိတို့အနေဖြင့် အကြိမ်ကြိမ်သတိပေး ဆောင် ရွက်ခဲ့ရကြောင်း၊ မိုခါမုန်တိုင်းဝင်ရောက်ချိန်တွင် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါထိ ခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ မိမိကိုယ်တိုင်သွားရောက်၍ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော် အရာရှိကြီးများကို မြို့နယ်တစ်ခုချင်းစီအလိုက်တာဝန်များပေးအပ်၍ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ရေရှည်အကျိုးကိုကြည့်၍ မူလအခြေအနေများထက် သာ လွန်ရမည်ဟုရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာ ငွေအများစုကို အသုံးပြု၍ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့” ဆိုသည့် စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်ပေးခဲ့သည်မှာ ယခုအခါရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ သို့သော် AA အဖွဲ့အနေဖြင့် သစ္စာမရှိဘဲ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်၍ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင်ပါဝင်ခဲ့ကြောင်း၊ မကြာခင်ကပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခု နှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအချို့ကိုလည်း သာလွန် အင်အားများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စွန့်စွန့်စားစားချေမှုန်းတိုက်ခိုက်မှုများကြောင့် ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း၊ AA အဖွဲ့မှ ထိခိုက်ကျဆုံးမှုများပြားပြီး မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေ ဖြင့်လည်း ထိခိုက်ကျဆုံးမှုရှိကြောင်း၊ AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ အချို့ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုဖမ်းဆီးခြင်း၊ ဝန်ထမ်း များဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့သကဲ့သို့ မော်တော်ယာဉ် ယာဉ်မောင်းများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အတွက် ရခိုင် ဒေသမှ ရခိုင်ပြည်သူများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်၊ ပြည်နယ်တိုးတက် စေလိုသည့် စိတ်များဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လိုသည်ကို ပြောကြားလို ကြောင်း။

KNPP/KNDF အဖွဲ့နှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး KNPP/KNDF အဖွဲ့အနေဖြင့်ကယားပြည်နယ်လွိုင်ကော်မြို့သို့ အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူ များ၏ သတင်းပေးမှုအရ အချို့အဖွဲ့များကိုချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတို့ အနေဖြင့် လူ၊ လက်နက် ခဲယမ်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ ရကြောင်း၊ အဆိုပါတိုက်ပွဲ မဖြစ်မီ၌ ကယားပြည်နယ်အတွက် လက်နက်ခဲယမ်းများ ကြိုတင်စုဆောင်းခဲ့သည်ကို သိရှိရကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ၎င်းတို့အတွက် ကြိုတင်စုဆောင်း သည့် လက်နက်အလက် ၅၀၀ နှင့်ခဲယမ်းများကို ဟိုပုံးမြို့နယ်အတွင်းဖမ်းဆီးရမိခဲ့ သည်ကို သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အလားတူ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း လက်နက်မျိုးစုံ ၁၃၀ လက် ၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်းနှင့် အခြားခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ နောက်ထပ်လည်း လက်နက်ခဲယမ်းများ သယ်ယူရန်ကြိုးပမ်းနေကြောင်း။

၎င်းဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သူများ၏ ထွက်ဆိုချက်များအရ အဆိုပါ လက်နက် ခဲယမ်းများသည် မိုင်းကိုင်နယ်မြေတွင်လှုပ်ရှားလျက်ရှိသည့် SSPP/SSA နယ်မြေ မှတစ်ဆင့်ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ သယ်ယူရာတွင်လည်း PNO ပအိုဝ်းတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ထားသူများ၏ လုံခြုံရေးအကာအကွယ်ပေးမှုဖြင့် မော်တော်ယာဉ်များဖြင့် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်းသို့ လက်နက်ခဲယမ်း များကို နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်လျက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးရမိ မှုများရှိခဲ့သဖြင့် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကို အတိုင်း အတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ခြင်းပင်ဖြစ်ပြီး လက်ရှိ အချိန်တွင် လွိုင်ကော်ဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းကို အသိပေး လိုပါ ကြောင်း။

အလားတူ KNU အဖွဲ့နှင့် ပတ်သက်၍ KNU အဖွဲ့သည် ကြီးမားသည့် တိုက်ပွဲများ မဖြစ်ပွားသည်မှာ ကြာပြီဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ရရှိခဲ့ပြီး NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းတွင် ၎င်းတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို နတလ အဖွဲ့များ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ အတိုင်းအတာတစ်ခုအထိဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အကြောင်းပြု၍ သဘော ထားတင်းမာမှု များရှိခဲ့ကြောင်း၊ တစ်ဆက်တည်း၌ပင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးတွင် ထိုအချိန်က ဥက္ကဋ္ဌဖြစ်သူ စောမူတူးစေးဖိုး အား ဖြုတ်ချ၍ ဖဒိုကွယ်ထူးဝင်း  ဥက္ကဋ္ဌ အဖြစ် တက်လာခဲ့သည်ကို တွေ့ရကြောင်း၊ ထို့နောက် KNLA တပ်မဟာ ၅ ၊ တပ်မဟာ ၆ တို့သည် NCA လမ်း ကြောင်းပေါ်မှ သွေဖယ်ခဲ့ပြီး တပ်မတော်တပ်စခန်းငယ်များနှင့် မြဝတီ၊ ကော့ကရိတ်မြို့တို့ကို နှောင့်ယှက်တိုက်ခိုက်လာခဲ့ပြီး ယနေ့ထက်တိုင် နှောင့်ယှက်တိုက်ခိုက်မှုများ ရှိနေသည်ကိုတွေ့ရကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက် တွင် KNLA တပ်မဟာ ၅ အနေဖြင့် တပ်မတော် တပ်စခန်းတစ်ခုကို အင်အားအလုံး အရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်မဟာ ၆ အနေဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရော မြို့နယ်ရှိချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို တွေ့ရကြောင်း။

ယင်းတို့ကို ကြည့်မည်ဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်တန်း ပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင် လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ရှိသည့်အတွက် သောင်းကျန်းသူ ချေမှုန်းရေးကိုဖိဖိစီးစီးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်ရေးတို့ အတွက်ကိုလည်း တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်း၍စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိသည်ကိုပြောလိုပါကြောင်း။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တပ်မတော်မှ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်၍ဖော်ဆောင်ပေးခဲ့မှုနှင့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ နှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွား နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီက ပြည်သူကတောင်းဆိုတဲ့ အတွက် ကြောင့် တပ်မတော်က ဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တပ်မတော်က ဦးဆောင်ပြီး တော့မှပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးတာပါ။ အခုမှ တပ်မတော်က လိုက်ပြီး တော့ ပါတီစုံဒီမိုကရေစီစနစ်ကို ထောက်ခံတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းပြီးတဲ့ နောက်ပိုင်း ကနေပြီးတော့  အဲ့ဒီက နဝတ ကြေညာချက်တွေကို ကြည့်မယ်ဆိုရင် ဒါ တပ်မတော်က ကိုယ်စားပြုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာ ပါတီစုံဒီမိုကရေစီကို သွားမယ်ဆို ပြီးတော့ ကျွန်တော်တို့က ပြောခဲ့တာရှိပါတယ်။ အဲ့ဒီအတိုင်းပဲ နောက်ဆုံး ဒီ ပါတီစုံ ဒီမိုကရေစီစနစ်ကို အခိုင်အမာ အထောက်အကူပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီးတော့မှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားခြင်းဖြစ်ပါတယ်။  ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့သွားတဲ့အခါမှာလည်း ကျွန်တော်တို့ ဒီရွေးကောက်ပွဲလမ်းကြောင်းကို ဖော် ဆောင်သွားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကသွားတာဖြစ်တဲ့ အတွက် ကြောင့် ရွေးကောက်ပွဲလုပ်ခဲ့တာ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊၂၀၂၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ သုံးကြိမ် လုပ်ခဲ့တာ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြဿနာအနည်းအကျဉ်းရှိတာလွဲလို့ ကြီးကြီးမားမား ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရုပ်ပျက်ဆင်းပျက်ကို မဲမသမာမှုတွေ ပြုလုပ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ အဲ့ဒီနောက် မရိုးသားတဲ့၊ မသန့်စင်တဲ့ မဲရလာဒ်တွေနဲ့ အာဏာရဖို့အတွက်၊ အဓမ္မအာဏာရဖို့အတွက် ကြိုးစားလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ် အခြေအနေ ကြေညာပြီးတော့မှ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး တပ်မတော်က ဆောင် ရွက်ခဲ့တာ ကောင်စီဝင်များအားလုံး သိပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တပ်မတော်အနေနဲ့  ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ပြီးတော့ ဖော်ဆောင်ပေးသလို ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း ကျွန်တော်တို့က ဦးဆောင် ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်လိုလားတဲ့ ပြည်သူ တွေနဲ့ တပ်မတော် တစ်သားတည်းရှိကြောင်းကိုလည်း ကျွန်တော်တို့ ပြောလိုပါတယ်။ တစ်သား တည်းရှိကြောင်းပြောလိုပါတယ်။ နိုင်ငံရေးတည်ဆောက်မှု အခန်းကဏ္ဍမှာ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက်လည်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်။ ဒါကတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကောင်စီဝင်များသိရှိနိုင်ဖို့အတွက်ပြောခြင်း ဖြစ်ပါတယ်။

အခြေအနေအရ ပိတ်ထားရသည့် တက္ကသိုလ်များအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်

ကယားပြည်နယ်တွင်ဖြစ်ခဲ့သည့် ဖြစ်စဉ်များအနက် လွိုင်ကော်တက္ကသိုလ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင် ခြင်းများကို အကြမ်းဖက်သမားများအနေဖြင့် ကျူးလွန်ခဲ့ကြကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်  လွိုင်ကော်မြို့တွင်းရှိ အကျဉ်းဦးစီးဌာနအပါအဝင် နေရာအနှံ့အပြား၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသဖြင့်  တက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်မှု မရှိစေရေး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဂရုပြု ဆောင်ရွက်ခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် ပညာ ရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်လျက် ရှိသဖြင့် လုံးဝလက်သင့်ခံ၍ မရကြောင်း ထိခိုက်မှုမရှိဘဲ အမြန်ဆုံး ပြန်လည်စေလွှတ် ပေးရန်လိုအပ်မည်ဖြစ်ကြောင်းကို သတင်းထုတ်ပြန် တိုက်တွန်းခဲ့သကဲ့သို့ တစ်ဖက် တွင်လည်း ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံများနှင့် ဘာသာသာသနာပြုအဖွဲ့ စည်းများ၏ တိုက်တွန်းချက်များအရ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိသားစု ဝင်များကို ရေရှည်ခေါ်ထားရန် မရသည့်အတွက် ၎င်းတို့ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သူများကို ပြန်လည်စေလွှတ်ပေးခဲ့ရာ ယခုဆိုပါက ဖမ်းဆီးခြင်းခံရသူ ၂၀၄ ဦးရှိသည့် အနက် ၁၁ ဦးသာ ပြန်လည်ရောက်ရှိရန်ကျန်ရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် လွိုင်ကော် တက္ကသိုလ် တွင် ဖြေဆိုမည့်အဝေးသင်တက္ကသိုလ်စာမေးပွဲများ ဖျက်သိမ်းခဲ့ရပြီး စာမေးပွဲ ဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအနေဖြင့် ထိခိုက် နစ်နာခဲ့ကြရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများလည်း ထိခိုက်ခဲ့ရကြောင်း၊ အလားတူ လွိုင်ကော်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ် တို့ကိုလည်း ပိတ်ခဲ့ရကြောင်း၊ လွိုင်ကော်ကဲ့သို့ပင် ဟားခါးတက္ကသိုလ် သည်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်မှစတင်၍ တက္ကသိုလ်အားလုံးကို ပုံမှန်အတိုင်းဖွင့်လှစ်ထားသည်ဖြစ်သော်လည်း အချို့သောနယ် မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်ဒေသများ၌ ကျောင်းသား၊ကျောင်းသူများအနေဖြင့် လာရောက်ရန်အခွင့်အလမ်း နည်းပါးသဖြင့် ကျောင်းတက်ရောက်သူ နည်းပါးမှုများ ရှိကြောင်း၊  အခက်အခဲရှိသည့် အတွက်ကြောင့် ပိတ်ထားရသည့်ကျောင်းများလည်း ရှိကြောင်း၊ အခြေအနေပေးခဲ့မည်ဆိုပါက အဆိုပါကျောင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်မြေအခြေအနေအရ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ များ၏ အသက်ဘေးအန္တရာယ် လုံခြုံစိတ်ချ မှုရှိစေရေးအတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ရေးကိုဆောင်ရွက်သွား မည်ဖြစ် ကြောင်း။

စက်သုံးဆီ၊ စားသုံးဆီနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်ဖြစ်စေရေး အရေးယူကြပ်မတ်ဆောင်ရွက်လျက်ရှိ

နောက်တစ်ချက်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီကိစ္စဖြစ်ပြီး ယခင်အစည်း အဝေးများ၌လည်း လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းထက် မတန် တဆ အမြတ်ယူရောင်းချခဲ့သည့်ကုမ္ပဏီ ၈ ခုနှင့် သာမာန်အားဖြင့် ထိုက်သင့်သည့် နှုန်းများထက် အမြတ်တင်၍ ရောင်းချခဲ့သည့် ကုမ္ပဏီများကို စည်းမျဉ်းဥပဒေနှင့်အညီ အရေးယူခြင်းများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍လည်း တာဝန်ရှိ သည့်အဖွဲ့များ ဖွဲ့စည်း၍  အရေးယူဆောင်ရွက်လျက်ရှိသည်ကို ပြောလိုပါကြောင်း၊ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီဖြစ်စေရေး စည်းမျဉ်းချိုးဖောက်သူများကို ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စက်သုံးဆီ ၊ စားသုံးဆီနှင့် ပတ်သက်၍ ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကိုလည်း အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဝင် နှစ်ဦးကိုလည်း ပြင်းထန်သည့် အရေးယူခြင်းများ ပြုလုပ်ခဲ့သကဲ့သို့ တာဝန်ရှိသည့် နိုင်ငံ့ဝန်ထမ်းအချို့ကိုလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက် နေသည်ကို အသိပေးလိုပါကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

စီးပွားရေးနှင့်ပတ်သက်၍ ပြည်ပမှ ဝင်ငွေရရှိရေးနှင့် ပတ်သက်၍ ဝင်ငွေတွင် ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေနှင့် ကုန်သွယ်မှုမဟုတ်ဘဲ အခြားနည်းမှ ရရှိသည့် ဝင်ငွေ ဟူ၍ ရှိကြောင်း၊ Non – Trade မှ ရရှိသည့် ဝင်ငွေတွင် ထောက်ပံ့ငွေများ၊ ချေးငွေများ၊ အခွန်အခများ၊ ပြည်နယ်ရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်မှုမှ ဝင်ငွေများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ရရှိငွေများဟူ၍ရှိကြောင်း၊ ခိုင်မာသည့်ဝင်ငွေမှာ ကုန်သွယ် မှုမှရရှိသည့် ဝင်ငွေပင်ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ များစွာပြောကြား ခဲ့ပြီးဖြစ်ပြီး မိမိတို့သည် ယခင်ကတည်းကပင် နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေများ ဖြင့်သာ နိုင်ငံခြားငွေလိုအပ်ချက်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုမှ ရရှိသည့်ဝင်ငွေသည် ပို့ကုန်(Export)ထက် သွင်းကုန် (Import) က ပိုမိုများပြားနေသဖြင့် လိုငွေပြနေခြင်းဖြစ်ကြောင်း၊ ပို့ကုန်(Export) နည်းပါးခြင်းသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်သည့်အတွက်သာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံဇာတနှင့် ရာသီဥတုတို့ကို ပိုင်ဆိုင် ထားပြီးဖြစ်သော်လည်း အလုပ်ကိုဖိဖိစီးစီး ဆောင်ရွက်မှုမရှိသောကြောင့် ကုန်ထုတ် လုပ်မှုများ အားနည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအစိုးရ တက်လာခဲ့ပြီး ယခင်က ဆောင်ရွက်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်လည်ပတ်ရန် အားပေးမှုမရှိခြင်း၊ ပုဂ္ဂလိကပိုင် လွှဲပြောင်း ပေးခြင်း၊ ဖျက်သိမ်းခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့သောကြောင့် ယခင်က နိုင်ငံ့စီးပွားရေး တွင် အဓိကမဏ္ဍိုင်အဖြစ်ရှိခဲ့သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် အားနည်းမှုများ ဖြစ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများထက် GDP နည်းပါးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ GDP သည် အလုပ်လုပ်မှ တိုးတက် မည်ဖြစ်ကြောင်း၊ မိမိမကြာခဏ ပြောသကဲ့သို့ပင် ထုတ်ကုန်ပစ္စည်းမရှိဘဲ ရောင်းကုန် ပစ္စည်းရမည်မဟုတ်ကြောင်း၊ ရောင်းကုန်ပစ္စည်းရမှသာလျင် ဝင်ငွေရနိုင်မည် ဖြစ်သ ဖြင့် ကုန်ထုတ်လုပ်မှုကို အားပေးရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် လည်း မိမိတို့တာဝန်ယူထားသည့် နယ်မြေဒေသများသို့ ရောက်ရှိချိန်တွင် ကုန်ထုတ်လုပ်မှု များ ကို အားပေးဆောင်ရွက်ကြစေလိုကြောင်း။

နောက်တစ်ချက်အနေဖြင့် သတင်းအတုများနှင့်ပတ်သက်၍ မဟုတ်မမှန်ဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မဖြစ်နိုင်ဖွယ် သတင်းမှား၊ သတင်းအတုများ ဖြစ်သော်လည်း ပြည်သူလူထုကို အထင်အမြင်လွဲမှားစေရေး ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အနေဖြင့် ပြန်လည်တုန့်ပြန် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကာ ပြည်သူလူထုများ သတင်းအမှန်ကို သိရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကောင်စီဝင်များက ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းနှင့်သတ္တု သယံဇာတများအား တိုင်းရင်းသားလက်နက်ကိုင်များမှ တရားမဝင်တူးဖော်၍ တစ် ဖက်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိမှု၊ ကယားပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိမှု၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ဖြစ်ရပ်မှန်များကို တိုင်းရင်းသားပြည်သူ များအားလုံးသိရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ပြည်ပအင်အားကြီး အနောက်အုပ်စုနိုင်ငံအချို့မှ ဝင်‌ရောက်စွက်ဖက်လျက်ရှိမှုနှင့် အခြားကိစ္စရပ်များကို အသီးသီးတင်ပြကြသည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး က ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော် ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက်မှုများ ပပျောက်စေရေးအတွက် သတင်းအချက်အလက်များ မှန်ကန်စွာရရှိရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အခွန်ရှောင်နေသူများစွာရှိကြောင်း၊ အခွန်အကောက်နှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ရရှိရေးသည် အရေးကြီးကြောင်း၊ ကောလာဟလ သတင်းများကြောင့် ဘဏ်များမှ ငွေပြန်လည်ထုတ်ယူသူများ ရှိခဲ့ကြောင်း၊ ယခုအချိန်တွင် မရှိတော့ပါ ကြောင်း၊ ဘဏ်များ၏လုံခြုံရေးနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေးရှိ သကဲ့သို့ အစိုးရဘဏ်များ၏ လုံခြုံရေးလည်းရှိကြောင်း၊ ဘဏ်လုံခြုံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဖြစ်စဉ်များကို ပြန်ကြည့်ပါက ဘဏ်ဝန်ထမ်းများသည် အဖျက်အမှောင့် လုပ်ငန်းများတွင် ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ဘဏ်ဝန်ထမ်းများ၏ လုပ်ဆောင် ချက်သည် များစွာအရေးပါကြောင်း။

 PDF အမည်ခံအကြမ်းဖက်သမားများသည် ငွေရလွယ်သည့်ဘဏ်များကို အဓိက ထားတိုက်ခိုက်လာကြသည်ကို တွေ့ရကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်က ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုအား PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေများလုယူခဲ့ရာ ဘီလီယံ ၄၀ ကျော် ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကဘဏ်လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ များဖြင့် ဆောင်ရွက်စေလျက်ရှိပြီး အလွန်အရေးကြီးသည့် ဘဏ်များတွင်သာ တပ်မတော်သားများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံအတွင်း၌ အရင်းအနှီးရှိသူများအနေဖြင့် ထိုငွေများကို တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အရင်းအနှီးမတတ်နိုင်သဖြင့် တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင် နိုင်ခြင်းမရှိကြသည်ကို တွေ့ရကြောင်း၊ ငွေကြေးတတ်နိုင်သူများအနေဖြင့် မိမိတို့၏ ငွေကြေးများကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သည့်မျိုး၊ နည်းပညာ၊ အစားအစာ၊ မြေဩဇာ၊ ရေရရှိရေးစသည်တို့ကို ဦးဆောင်စည်းရုံး ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုပါက  နိုင်ငံတော်အနေဖြင့် အားပေးရန်အဆင့်သင့်ရှိပါကြောင်း၊ ထို့အတူ MSME လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံလိုပါကလည်း သက်ဆိုက်ရာဌာနများအနေဖြင့်အပြည့်အဝ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြောင်းနှင့် နေကြာကိုပိုမိုစိုက်ပျိုးပေးနိုင်မည့် အခြေ အနေကို တွေ့ရကြောင်း၊ ပြီးခဲ့သည့်နှစ်က မိုးစပါးစိုက်ပြီး အခြားသီးနှံစိုက်သည့် သီးထပ်စွမ်းအား အလွန်နည်းသည်ကိုတွေ့ရကြောင်း၊ မိုးသီးနှံစိုက်ပျိုးပြီးပါက သီးထံ စိုက်ပျိုးနိုင်သည့် သီးနှံများမရှိသောကြောင့် လယ်ယာမြေများ အလဟသဖြစ်ပြီး အကျိုးမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိုးသီးနှံစိုက်ပျိုးပြီးချိန်၌ ပြောင်းသီးနှံနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးပါက အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း၊ ထို့အတူ ကော်ဖီစိုက်ပျိုးရေးကို အားပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စီမံကိန်းတစ်ခုကို ဆောင်ရွက်ပါက မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံအတွက်အကျိုးဖြစ်ထွန်းမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စိတ်ဝင်တစားဖြင့် မေးမြန်းအကြံပေး တိုက်တွန်းပြောကြားရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း များစွာအထောက်အကူ ဖြစ်ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများတွင် အစိုးရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အားပေးရန် လိုအပ် ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့် ဒေသသုံးခုရှိကြောင်း၊ ယင်းတို့မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့် ပြဿနာများကြောင့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တက္ကသိုလ်များ ပိတ်ထားရကြောင်း၊ ထို့ကြောင့် ကယားပြည်နယ်နှင့် ချင်းပြည်နယ် တို့သည် ပညာရေးတွင် နောက်ကျကျန်ခဲ့ကြောင်း၊ ယခုအချိန်တွင် လက်နက်ကိုင်ပြီး အာဏာလိုချင်သည့် သူများပေါ်ပေါက်လာပါကြောင်း၊ ယင်းစိတ်ဓာတ်များကို ပြုပြင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကိုသွားရန် ပညာတတ်များ လိုအပ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ဦးဆောင်၍သွားမည်၊ ပြည်သူကလည်းလိုချင်သည့်အတွက် ပြည်သူနှင့်တစ်သားတည်းဖြစ်မည်၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည် ဟူသည့် ဦးတည်ချက်များကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဦးဆောင်ပြီးခိုင်ခိုင်မာမာတည်ဆောက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။