နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား 

နေပြည်တော်၊ ဒီဇင်ဘာ – ၄

    ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

    အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

မိုးရာသီစိုက်ပျိုးမှုအပြီး စိုက်ပျိုးမြေများတွင် သီးထပ်စွမ်းအားများတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် 

    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိုးရာသီစိုက်ပျိုးမှုများပြီးဆုံး၍ အချို့မှာ ရိတ်သိမ်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်လုပ်ခဲ့သည့် အကျိုးကျေးဇူးအဖြစ် သီးနှံထွက်ရှိမှုများ တိုးတက်ခဲ့သော်လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း၊ ယခုမြေအစိုဓာတ်မကုန်သေးမီ  ဆောင်းရာသီကာလ စိုက်ပျိုးရာ၌လည်း ဆီထွက်သီးနှံများ၊ ပြောင်းစသည့်သီးနှံများ၏ စိုက်ပျိုးမှုသီးထွက်စွမ်းအားများ တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလုပ်လုပ်ပါက အလုပ်လုပ်သည့် အားလျော်စွာ အကျိုးခံစားရမည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်း ဆောင်ရွက်ရေး တွန်းအားပေးရန်နှင့် ပံ့ပိုးပေးရန်လိုကြောင်း။

နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီနှင့် ရာဘာစိုက်ပျိုးရေး တိုးတက်အောင်ဆောင်ရွက်

    ရာသီသီးနှံအပြင် နှစ်ရှည်သီးနှံများစိုက်ပျိုးရာတွင် မိမိတို့နိုင်ငံ၌ကော်ဖီနှင့် ရာဘာများကို အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးနိုင်ကြောင်း၊ ထို့ကြောင့် လွန်ခဲ့သည့် နှစ်များမှစ၍ ကော်ဖီစိုက်ပျိုးမှုနှင့် ရာဘာစိုက်ပျိုးမှုများ တိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ နစ်နာမှုရှိနေသည့် ကော်ဖီလုပ်ငန်းများ ပြန်လည်ရှင်သန်စေရေး ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်လာပြီဖြစ်ကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက်က ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုပေးခဲ့သည့် စိုက်ပျိုးမြေ၏ထက်ဝက်ခန့်ကိုသာ ကော်ဖီများစိုက်ပျိုးနိုင်သေးသည်ကိုတွေ့ရကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုဒေသ၊ ရွာငံဒေသနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြင်ဦးလွင်ဒေသတို့တွင် ကော်ဖီဇုံများသတ်မှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ သံတောင်ကြီးဒေသ၊ ပအိုဝ်းဒေသတို့တွင်လည်း ကော်ဖီစိုက်ပျိုးမှုများကိုဆောင်ရွက်ကြကြောင်း။

    ကော်ဖီစိုက်ပျိုးမှုတွင် မိမိတို့နိုင်ငံထက် စိုက်ပျိုးမြေနည်းပါးသည့် ဗီယက်နမ်နိုင်ငံသည် မိမိတို့နိုင်ငံထက် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများတိုးတက်စေရေး အရင်းအနှီးငွေကြေး  စိုက်ထုတ်နိုင်သူများအနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် ရင်းနှီးမြုပ်နှံသင့်သည်ဟု မြင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ချထားပေးသည့် အချို့မြေ နေရာများပေါ်တွင် ယခုအချိန်အထိစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါမြေများအား ရောင်းဝယ်မှုများကို စနစ်တကျဖြင့်စိစစ်သွားရန်နှင့် စိုက်ပျိုးခြင်းမပြုသည့်မြေများကို ပယ်ဖျက်သွားရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးမှုများကို သတ်မှတ်ထားသည့်အတိုင်း တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက လာမည့် ၅ နှစ်တာကာလအတွင်း ကော်ဖီထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးဧက ၂၇၉၀၀ ထပ်မံတိုးချဲ့ စိုက်ပျိုးရန်လျာထားဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကော်ဖီပျိုးပင်များကိုလည်း ကြိုတင်စိုက်ပျိုးထားမည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုသို့တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက စုစုပေါင်း စိုက်ဧက ၃ သိန်းရှိမည် ဖြစ်သဖြင့်နောင် ၅ နှစ်မှ ၇ နှစ်အတွင်း အဆိုပါအသီး အပွင့်များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ မျိုးကောင်းသည့် ကော်ဖီများထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်လည်း ရိုဘက်စတာကော်ဖီမျိုးများကိုစိုက်ပျိုးနိုင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေ ဖြင့် နောင်ကာလများတွင် ဒေသအလိုက် ကော်ဖီများစိုက်ပျိုးနိုင်ရေး ရေရှည်အတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

    ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စိုက်ပျိုး ဧက ၁ သန်း ၆  သိန်းကျော်ရှိကြောင်း၊ ရာဘာထုတ်ကုန်သည်လည်း သေချာသည့် ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့်ရှိသည့် ကုန်ကြမ်းများကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရာဘာစိုက်ပျိုးရေးကို အားပေး ဆောင်ရွက်ကြစေလိုကြောင်း။

    မိမိတို့နိုင်ငံ၏ဘဏ်များ၌ ငွေကြေးပိုင်ဆိုင်မှုစာရင်းများအရ ပုဂ္ဂလိက ပိုင်ဆိုင်မှု များပြားကြောင်း၊ ၎င်းပိုင်ဆိုင်မှုများကို နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိပြီး ရေရှည်အာမခံချက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါက လုပ်ငန်းရှင်၊ အလုပ်သမား၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးများစွာရှိကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးခြင်း၊ အခွင့်အလမ်းရှာဖွေပေးခြင်း တို့ကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အင်တိုက်အားတိုက် ဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်သည့် အခွန်ငွေများ အပြည့်အဝရရှိရေး

    ပြီးခဲ့သည့် ကာလများအတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန် ရရှိမှုများ တိုးတက်လာကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ငွေများ ကိုမူတည်၍ အသုံးပြုရခြင်းဖြစ်သည့်အတွက် အခွန်အခများရရှိရေးလိုအပ်ကြောင်း၊ အခွန်အခများကောက်ယူရာတွင် အခွန်အားတိုးမြှင့်ကောက်ခံခြင်း (Tax rate တိုးမြှင့်ခြင်း) မပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိအောင်ကောက်ခံခြင်း (Tax Space တိုးချဲ့ခြင်း) များကို ပြုလုပ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

    နိုင်ငံခြားငွေနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်မှစပြီး နိုင်ငံရေးကို အကြောင်းပြကာ ချေးငွေများနှင့် ထောက်ပံ့မှုများအားလုံးရပ်ဆိုင်းသွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် အချို့သော မိတ်ဆွေနိုင်ငံများအနေဖြင့် ပြန်လည်ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်စေရန်နှင့် ဘဏ်စနစ်ကို ထိခိုက်စေရန်အတွက် မိမိတို့နိုင်ငံအပေါ်ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားငွေရရှိရေး ပြည်ပသို့ ပို့ကုန်(Export)တိုးမြှင့်နိုင်ရန်လိုကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်ခဲ့ရာ အကျိုးဖြစ်ထွန်းမှုရှိသည်ကို တွေ့ရကြောင်း၊ Border Trade ကို အားပေး ဆောင်ရွက်သကဲ့သို့ Normal Trade များတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေးလည်ပတ်မှုများ ကောင်းမွန်စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် အကျိုးအမြတ်များနည်းပါးသော်လည်း ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအားလုံး လည်ပတ်စေရေး တာဝန်ရှိသူများအနေဖြင့် တိုက်တွန်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ထမ်းဆောင်ချိန်၌ ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ ဝင်ငွေအပေါ် သင့်လျော်သည့် အချိုးများဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့၍ ပြည်တွင်း၌ စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းများကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် မသမာသူများ က စားသုံးဆီဈေးများကြီးမြင့်အောင် ဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူများအတွက် ထိခိုက်မှုများရှိခဲ့ကြောင်း၊ ပြည်သူများအတွက် ကိုယ်ချင်းစာစိတ် ရှိရန်လိုကြောင်း၊ ထို့ကြောင့် အဆိုပါမသမာမှုများ လုပ်ဆောင်ခဲ့သူများကို ဥပဒေနှင့်အညီထိရောက်သည့် ပြစ်ဒဏ်များချမှတ်ဆောင်ရွက်ခဲ့ကြောင်း။

    ယခုအချိန်တွင် Export လုပ်ကိုင်သူများက အနစ်နာခံ၍ ဆောင်ရွက်နေသော်လည်း Import သမားများကသာအကျိုးခံစားနေရသည်ဆိုသည့် တင်ပြချက်များရှိကြောင်း၊  အဆိုပါကိစ္စရပ်များကိုလည်း တတ်နိုင်သမျှဖြေလျှော့ပေးရန်ကြိုးပမ်းနေ ကြောင်း၊ Non -Trade Income များပိုမိုရရှိအောင် ကြိုးပမ်းနိုင်မည်ဆိုပါက ကုန်သွယ်မှုအပေါ်မီခိုမှုကို လျှော့ချနိုင်မည်ဖြစ်၍ တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကုန်ထုတ်လုပ်မှု အားနည်းချက်မှာ သွင်းအားစုများဈေးကြီးမြင့်ခြင်းကြောင့်ဟု အချို့က သုံးသပ်ကြသော်လည်း အဓိကအားဖြင့် အကျိုးအမြတ်ရရှိမှုအပေါ်မူတည်၍ ကုန်ထုတ်လုပ်ငန်းအပေါ် စိတ်ဝင်စားမှုအားနည်းသည်ကို တွေ့ရကြောင်း၊ အကျိုးအမြတ် နည်းသော်လည်း များများထုတ်လုပ်၊ များများလည်ပတ်နိုင်ပါက အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအခါ စိုက်ပျိုးမွေးမြူရေးအတွက် အဓိကသွင်းကုန်ဖြစ်သည့် ဓာတ်မြေဩဇာနှင့် အခြားလိုအပ်ချက်များလွယ်ကူစွာ တင်သွင်းနိုင်ရေး ရာဘာလုပ်ငန်းရှင်များအား ပို့ကုန် ရငွေ၏ ၇၀ ရာခိုင်နှုန်း ကိုသုံးစွဲခွင့်ပေးထားကြောင်း၊ အခြားအဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ဆန်၊ ပြောင်း၊ ပဲနှင့် ထွက်ကုန်များ ပြည်ပ သို့တင်ပို့မှု(Export) ကိုလည်း ၎င်းအတိုင်းဖြေလျှော့မှုပေးနိုင်ရေး လျာထားဆောင်ရွက်သကဲ့သို့ ၎င်းရငွေမှ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံသွင်းအားစုများ တိုက်ရိုက် တင်သွင်းနိုင်ရေး ဆောင်ရွက်၍ စီးပွားရေးမြှင့် တင်ရမည်ဖြစ်ကြောင်း။

    စီးပွားရေးလုပ်ရာတွင်လည်း အကျိုးအမြတ်အတွက်ရှိသကဲ့သို့ နိုင်ငံ့အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ အဓိကလိုအပ်သည်မှာ ကုန်ထုတ်လုပ်မှုကို အားပေးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသအလိုက်ထုတ်ကုန်များ တူညီမှုရှိမည်မဟုတ်သဖြင့် ဒေသနှင့် သင့်လျော်ကိုက်ညီသည့် ထုတ်ကုန်များအောင်မြင်စွာ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် တာဝန်ရှိသူများအနေဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သူများ၏ အမှန်တကယ်လိုအပ်ချက်များကိုသိရှိရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အရည်အသွေးပိုင်းနှင့် ထုပ်ပိုးမှုအပိုင်းတို့တွင် အားနည်းချက်များရှိပြီး လိုအပ်သည့် နည်းပညာများကို ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ အရည်အသွေးပိုင်း ကောင်းမွန်ပြီးဆွဲဆောင်မှုရှိမှသာလျင် ဈေးကွက်ဝင်ရောင်း ကုန်ပစ္စည်းများ ဖြစ်လာမည်ဖြစ်သဖြင့် အသေးစိတ် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

သဘာဝထွက်ကုန်များကို အခြေခံသည့် MSME လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လို

    အလားတူ သဘာဝထွက်ကုန်များဖြစ်သည့် သစ်၊ ဝါး၊ ကြိမ်နှင့် အခြားပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကိုလည်း အားပေးကြရန်လိုပြီး ပြည်တွင်း၌ သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ သဘာဝထွက်ပစ္စည်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိလာသည့် ပစ္စည်းများကို အခြေခံသည့် အသုံးအဆောင်ပစ္စည်းများ များစွာရှိသည့်အတွက် ဒေသတစ်ခုတည်း ဈေးကွက်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို ဆောင်ရွက်ရာ၌ One Region One Product ဖြစ်ရန်လိုပြီး ဒေသတွင်း၊ ပြည်တွင်း ဈေးကွက်သာမက ပြည်ပအထိ ထိုးဖောက်နိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများကို ချီးကျူးအသိအမှတ်ပြု

    ပြီးခဲ့သည့်သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလအတွင်း အဖျက်အမှောင့်လုပ်ရပ် များမည်သို့ပင်ရှိနေသည်ဖြစ်သော်လည်း ပြည်သူလူထုတို့ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရေး မိမိတို့အနေဖြင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလုပ်လုပ်ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် အလုပ်လုပ်နိုင်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများ ရရှိရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများရရှိရေးအတွက် ပညာရေးကိုအားပေးရမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ အားလုံး အေးအေးချမ်းချမ်းဖြင့် ပညာသင်ကြားနိုင်ရန်လိုကြောင်း၊ အခြေခံပညာနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်သည့် နယ်မြေများမှလွဲ၍ ကျန်နယ်မြေများတွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်လျက်ရှိပြီး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြားနိုင်ရေး ဆရာ၊ ဆရာမများအပြင် သက်ဆိုင်ရာ ဒေသဆိုင်ရာအစိုးရများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများက အုပ်ချုပ်ရေးပိုင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူ အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများကြောင့် အချို့တက္ကသိုလ်များပိတ်ခဲ့ရကြောင်း၊ အခက်အခဲများကြားမှ သင်ကြားရေးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးကို ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း မိမိအနေဖြင့် ချီးကျူးအသိအမှတ်ပြုပါကြောင်း၊ ဒေသဆိုင်ရာအစိုးရများ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ ဒေသအကျိုးအတွက် ရပ်ဝေးမှ လာရောက် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေအောင် ဆောင်ရွက်ပေးကြရန်ကြောင်း၊ မိမိတို့ဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေဒေသရှိ  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်နှင့် ပတ်သက်၍လည်း နယ်မြေ ဒေသအလိုက် ဆောင်ရွက်ကြရန်လိုပြီး ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှသာလျင် ဒေသအလိုက် လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိ၊ အကြမ်းဖက်သမားများအနေဖြင့် ဒေသနှင့် ဒေသခံများ ခံစားရမည့် အကျိုးဆက်ကို ကိုယ်ချင်းစာဆောင်ရွက်ရန်လို

    ရခိုင်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးသည်လည်း ခက်ခဲကြောင်း၊ တပ်မတော်အစိုးရ လက်ထက်မှ ယခုတိုင်အောင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကြောင့် ယခုအချိန်တွင် ရခိုင်ပြည်နယ်သည် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော တိုးတက် နေသည့်အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်မှာ ဒေသတွင်း၌ ရှိသည့် AA လက်နက်ကိုင် အဖွဲ့အစည်းသာလျင်ဖြစ်ကြောင်း၊ ရခိုင်ဒေသသည် သဘာဝ ဘေးအန္တရာယ်ကိုလည်း မကြာခဏခံစားရလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြာခဏဆောင်ရွက်ပေးနေရကြောင်း၊ ထို့ပြင် ဘင်္ဂါလီအရေးအခင်းကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ယခုထပ်မံ၍ AA လက်နက် ကိုင်အဖွဲ့အနေဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက်ကိုင် အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိကြောင်း၊ ထိုကဲ့သို့ဒေသတွင်း၌ ပဋိပက္ခများဖြစ် ပေါ်နေခြင်း၏ ဆိုးကျိုးကို ဒေသခံများကသာ ခံစားရမည်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အဦးများ၊ ရှေးဟောင်း အမွေအနှစ်များသည် အဖျက်အမှောင့် လုပ်ရပ်များကြောင့် တစ်ခဏတာအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွက် များစွာအချိန်ယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသည့် အချိန်တွင်လည်း ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်နှင့် နိုင်ငံတော်မှ ပြင်းပြင်းထန်ထန်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပြီး ယခုပွင့်လင်းရာသီတွင် ဒေသခံများ ပြန်လည်အလုပ်လုပ်နိုင်ရေး မိုးတွင်းကာလအတွင်း၌ပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးအောင် တွန်းအားပေး ဆောင်ရွက် ခဲ့ခြင်းဖြစ် ကြောင်း၊ တပ်မတော်အရာရှိကြီးများကို မြို့နယ်တစ်ခုချင်းစီအလိုက် တာဝန်ပေး၍ ၆  လခန့်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ယခု ပွင့်လင်းရာသီတွင် အလုပ်လုပ်နိုင်မှသာလျင် ၎င်းနယ်မြေများသည် ပြန်လည်နာလန်ထူလာနိုင်မည်ဖြစ် သဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင်အဖျက်အမှောင့်လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဒေသခံများအနေဖြင့် ထပ်မံခံစားကြုံတွေ့နေရကြောင်း၊ မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့်အချိန်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရကြောင်း၊ အလားတူ ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အကြမ်းဖက်အဖွဲ့များကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အခြေအနေများ ပြန်လည် တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၎င်းတို့၏ချွေးနည်းစာဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွားပြီဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့်ဆက်လက်၍ မိုက်တွင်း နက်နေမည်ဆိုပါက မိုက်တွင်းနက်သည့် ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန်လိုမည်ဖြစ်ကြောင်း။

    ထို့ကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝ ပြိုကွဲ၍ရမည် မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းသုံးရပ်ကိုအခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက် ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း၊ အကြမ်းဖက်သမားများ အနေဖြင့်  ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးအရလည်း ထိခိုက်မှုရှိပြီး ခရီးသွားလုပ်ငန်း၌ များစွာထိခိုက်နစ်နာမှုရှိကြောင်း၊ နိုင်ငံရေး အရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှသာလျင် ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

လူထုအားကစားလှုပ်ရှားမှုမှသည် လူတိုင်းကျန်းမာကြံ့ခိုင်ရေး ဖော်ဆောင်ပေးရမည်

    လက်ရှိအချိန်၌ ဆောင်းရာသီကာလ လူထုစုပေါင်းအားကစား ပျော်ရွှင်တက်ကြွစွာ လှုပ်ရှားမှုများကို တွေ့မြင်ရပြီး စုပေါင်းအားကစားလှုပ်ရှားမှုမှသည် လူတိုင်း၏ ကျန်းမာကြံ့ခိုင်ရေးသို့ ဖော်ဆောင်ပေးရန်လိုကြောင်း၊ အားကစားရာသီမှသာလျင် အားကစားဆောင်ရွက်သည်မဟုတ်ဘဲ နွေ၊ မိုး၊ ဆောင် ဥတုသုံးပါးလုံးတွင် ကိုယ်လက် လှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ ဆောင်ရွက်ကြရန်လိုပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုများ ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ ကျန်းမာကြံ့ခိုင်မှ သာလျင် အလုပ်လုပ်နိုင်မည်၊ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားရာသီ၊ အားကစား လှုပ်ရှားမှုမှသည် တစ်နှစ်ပတ်လုံး ကိုယ်လက်ကြံ့ ခိုင်ရေးကို ဖော်ဆောင်ပေးနိုင်ရေး တိုက်တွန်းလိုကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ နည်းလမ်းရှာ၍ ဖော်ဆောင် ပေးရမည်ဖြစ်ပြီး အမှန်တကယ်အလုပ် လုပ်ရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

    ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။