နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၂

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ယနေ့ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

     အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Chakorn Tawanjang နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့အဆင်ပြေစေရေး အတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်း အချက်အလက် ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌  အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရမည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီပေးရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားသာမက နှစ်နိုင်ငံ ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊  မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ နယ်စပ်ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။