နေပြည်တော် မတ် ၈
တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့်စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားများအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (ရေ)မှအရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနားဦးစွာ ရေတပ်သင်္ဘောကျင်းဌာနချုပ်တန် ၄၀၀၀၀ ရေလုံလွန်းကျင်းသို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် တပ်မတော်(ရေ)မှအရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

