နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့တွင် အသက် ၄ လ ပြည့်မြောက်သည့် “ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာအာဟာရများကျွေးမွေး  

နေပြည်တော်၊ နိုဝင်ဘာ – ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန်နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွေးဖွားခဲ့သည့် “ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေးသည် ယနေ့တွင် အသက် ၄ လ တင်းတင်းပြည့်မြောက်ခဲ့သည်။

 
အဆိုပါ “ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေးအပါအဝင် အခြားဆင်ဖြူတော် များနှင့် အဖော်ဆင်များအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ တပ်မတော် အရာရှိကြီးများလိုက်ပါ၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံ မြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် အစာအာဟာရများ သွားရောက် ကျွေးမွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး နှင့် အဖွဲ့ဝင်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ရတနာဆင်ဖြူတော်လေးနှင့် မိခင်ဆင်မကြီး ဇာနန်းလှ၊ ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ အခြားရတနာ ဆင်ဖြူတော်များဖြစ်ကြသည့် “ဘဒ္ဒဝတီ” “နန္ဒဝတီ” “ငွေဆဒ္ဒန်” “ဟေမဝတီ” ဇာတကလျာ” “သီရိမာလာ” နှင့် အဖော်ဆင်များကို အစာအာဟာရများ ကျွေးမွေး ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် “ရဋ္ဌ နန္ဒက” ဆင်ဖြူတော်လေး၏ ကျန်းမာရေးအခြေအနေများ၊ ကိုယ်ခန္ဓာ ဖွံ့ဖြိုး တိုးတက်လာမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ဆင်ဖြူတော်များနှင့် အဖော်ဆင်များအတွက် အစာအာဟာရကျွေးမွေးရန် ထောက်ပံ့ ငွေများကို ပေးအပ်ခဲ့သည်။


အဆိုပါ ရတနာဆင်ဖြူတော်လေး “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင် မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)မှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါး ပိတ် ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေ ဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူ တော် ကလေးဖြစ်ကြောင်း၊ အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၄ လပြည့် မြောက်သည့်အချိန်တွင် အရပ်အမြင့် ၂ ပေ ၁၁ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၂၈၈ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာ ပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။