နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ – ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ရုရှားရေတပ်မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးတို့ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုအခြေအနေများ၊ နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ့တပ်မတော်အရာရှိများ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အပြန်လှန်ဖလှယ်နိုင်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်တို့သည် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။