နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူး အထွေထွေရောဂါကုဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖေါ်ဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များအား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာသောင်းလှိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက် ကြပြီး ဆေးရုံ အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး က ဆေးရုံသမိုင်းအကျဉ်း၊ ဒေသခံပြည်သူများအား ခွဲစိတ်ကုသခြင်း၊ သားဖွားမီးယပ်ရောဂါ ကုသခြင်း၊ အရိုးရောဂါကုသခြင်း၊ မျက်စိရောဂါကုသခြင်း၊ နား၊နှာခေါင်း၊ လည်ချောင်း ဆိုင်ရာရောဂါကုသခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု၊ ဆေးရုံကြီးအတွင်း ကျန်းမာရေးဝန်ထမ်းများတာဝန်ထမ်းဆောင်နေမှု၊ ကိုဗစ် -၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု၊ သင်ကြားရေးဆေးရုံအဖြစ် ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ် -၁၉ ရောဂါကုသရေးအတွက် ICU ခန်းများ ပြင်ဆင်ထားရှိမှု၊ ခွဲစိတ်ခန်းနှင့် ကလေးကုသဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ဆေးရုံ၏ လိုအပ်ချက်များကို တင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကိုဗစ် – ၁၉ ရောဂါကုသရေးအတွက်လိုအပ်သည့် အောက်ဆီဂျင်စက် ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များသည် မင်းဘူးဆေးရုံကြီးတွင် ကုသမှုခံယူ ရကြောင်း၊ ဆေးရုံအတွင်းပြည့်စုံမှုရှိသည်ကိုတွေ့ရှိရပြီး ဆေးရုံတွင်တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကိုလည်း ကျေးဇူးတင်အသိ အမှတ်ပြုပါကြောင်း၊ ဆေးရုံအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံတွင်လာရောက်ပြသသည့်လူနာများအဆင်ပြေစွာဖြင့် ကုသနိုင်ရေးစီမံဆောင်ရွက်ပြင်ဆင်ထားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဆေးရုံကြီးအတွက် ဆေးပဒေသာပင်ရန်ပုံငွေ ကျပ်သိန်း ၁၅၀ နှင့် ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ ကလက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။