နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်း၊ ရတနာအုတ်မြစ်တော်စီ  အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျိုင်းတုံမြို့နယ် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်း ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား သို့ တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံ နယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်း၊ လားဟူ၊ “ဝ”၊ အခါ၊ လီဆူ တိုင်းရင်းသားများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ရှမ်းရိုးရာ အိုးစည်များ တီးခတ်၍ ရိုးရာ အကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ  ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ကြီး အမှူးပြုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရတနာအုတ်မြစ်တော်စီမည့် သက်ဆိုင်ရာနေရာ အသီးသီး၌ နေရာယူကြပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တစ်ပြိုက်နက် ဗဟို၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် တို့တွင် ရတနာအုတ်မြစ်တော်များကို စီသွင်းကြ ပြီး ပရိတ်နံ့သာရေများ ပက်ဖျန်းပေးကြသည်။ ယင်းနောက် အခမ်းအနားအောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီး နှင့် အဖွဲ့ဝင်များသည် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်၊ သံဃာတော် ကြီးများ၏ ကျန်းမာရေးဆိုင်ရာများအား ရိုသေစွာ လိုက်လံမေးမြန်းလျှောက်ထား သည်။ ဆက်လက်ပြီး ကျိုင်းတုံဟော်နန်းဆိုင်ရာ အချက်အလက်များကို ကြည့်ရှုပြီး အခမ်း အနားမှ ပြန်လည်ထွက်ခွာရာ ဒေသခံ တိုင်းရင်းသားပြည်သူများက အိုးစည်များ တီးခတ်၍ ရိုးရာအကအလှများဖြင့် ဂါရဝပြုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ကျိုင်းတုံ ဟော်နန်းကြီးကို နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ် ဆက်စပ်တည်း တည်ရှိသည့်မြေနေရာ၌ ပုံစံတူပြန်လည် တည်ဆောက်နိုင်ရေး ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ ဆန္ဒအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်း အဆောက် အဦကြီးနှင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန်းနီဟော်နန်းအဆောက်အဦ တို့သည်လည်း ပျက်စီးယိုယွင်းလျက်ရှိသဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ မိုင်းပွန်ဟော်နန်းကြီး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် သိန်းနီဟော်နန်းကြီးသည် ပြီးစီးမှုရာခိုင်နှုန်း ၆၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းအပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာရှိ ၁၉၅၈ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး ကျောင်းတော် ကြီးသည်လည်း ၂၀၁၁ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက် ပျက်စီး ခဲ့ရသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်ချက်အရ နဂိုမူလ ပုံစံမပျက် ပြန်လည် ပြုပြင်မွမ်းမံပေးခြင်း၊ အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်းအဝင်လမ်းများကို ပြုပြင်၊ မွမ်းမံ၊ ဖောက်လုပ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားတို့၏ သမိုင်းဝင်အဆောက်အဦးများ၊ ဘာသာ ရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စု ဖွားတိုင်းရင်းသားများ အချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှု နှင့် လူမှုစီးပွား တိုးတက်စေမှုတို့ကို များစွာ အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ သစ်တစ်ပင်တောင် အပန်းဖြေဥယျာဉ်သို့ရောက်ရှိကြ ပြီး အလောင်းမင်းတရားကြီးလက်ထက် ၁၇၅၃ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် ကညင်ဖြူ ပင်ကြီးနှင့် ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိမှုများကို လိုက်လံ ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် သမိုင်းဝင်နေရာတစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက် သွားရန် လိုအပ်သည့် အခြေအနေများနှင့် ခရီးသွားပြည်သူများ စိတ်လက်ကြည်နူး ချမ်းသာစွာဖြင့် လေ့လာကြည်ရှုနိုင်ရေး ဆောင်ရွက်ထားရှိရန် လိုအပ်သည့် အခြေ အနေများနှင့် ပတ်သက်၍ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။