နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၂၃

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များ မှ တာဝန်ရှိသူများအား ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မင်္ဂလာခန်းမ၌ တွေ့ဆုံသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊  ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေး

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း က အသင်းချုပ် စတင်တည်ထောင် ခဲ့မှု၊ အသင်းချုပ်အား ဖွဲ့စည်းထားရှိမှု၊ အသင်းချုပ်၏ ညီနောင်အသင်းအဖွဲ့များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်လက်ခံမှု၊ အသင်းချုပ်၏ လည်ပတ်နေမှု၊ အသင်းချုပ်၏ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် UMFCCI ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင် နှင့် တက်ရောက်လာကြ သည့်  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသင်းအဖွဲ့အလိုက် ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု၊ ကဏ္ဍအလိုက်မှ ပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံ တကာ အသိအမှတ်ပြုဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်မှု၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြုဆောင်ရွက်ရန် လိုအပ်မှု၊ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများ၊ နည်းပညာ စသည်တို့တွင် ကူညီဆောင်ရွက်ပေးစေလိုမှု၊ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် ကုန်ပစ္စည်း အရည်အသွေးပြည့်မီ မှု စစ်ဆေးပေးနိုင်ရန်နှင့် ကုန်သွယ်ခွန်ကောက်ခံမှုအား သက်သာသောနှုန်းထားဖြင့် ခွင့်ပြုပေးစေလိုမှု၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက် ရေးအတွက် ကျွမ်းကျင်လုပ်သားနှင့် အတတ်ပညာရှင်လူသားအရင်းအမြစ်များ လိုအပ် မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူမှုတွင် ပုဂ္ဂလိ က ကဏ္ဍအားပေးကူညီစေလိုမှုနှင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ် များ နိုင်ငံအတွင်း အသုံးပြုမှုတွင်ကျယ်လာစေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ရရှိရေး ကုန်စည်ပြပွဲများတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်မှု၊ ပြည်သူများ အလုပ်အကိုင်ကောင်းမွန်စွာ ရရှိရေး၊ ပြည်ပပို့ကုန်များ ဈေး ကွက် ပိုမိုရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက် ရန် လိုအပ်မှု၊ ICT ဆိုင်ရာ သွင်းကုန်ပစ္စည်းများ အခွန်နှုန်းသက်သာစွာဖြင့် ရရှိရေး ကန့်သတ်ချက်များ ဖြေလျှော့ပေးစေလိုမှု၊ ကျောက်မျက်ရတနာရောင်းချပွဲများတွင် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲများအပြင် မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ပြပွဲ များကိုလည်း စီစဉ်ဆောင်ရွက်ပေးစေလိုမှု စသည်တို့နှင့် ပတ်သက်၍ လိုအပ်ချက်များ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ထို့နောက် တက်ရောက်လာကြသူများ၏ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး တို့က နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ငွေနှင့် လိုအပ်ချက် များအား တတ်နိုင်သရွေ့ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ လိုင်စင် များ နှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးလျက် ရှိမှု၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိမှု၊ လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် ဝန်ကြီးဌာနများမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်လျက် ရှိမှုနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေး ပြောကြားကြသည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)သည် ဖွဲ့စည်းတည်ထောင်မှု နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ပြီး အမှီအခိုကင်းသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အစိုးရ အဆက်ဆက်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သကဲ့သို့ မိမိတို့ အနေဖြင့်လည်း နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများရှိမှသာလျင် ရောင်းဝယ်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေးရကြောင်း၊ ထုတ်ကုန်များရရှိရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ကိုအခြေခံသည့် လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများကို ဆောင်ရွက်ခြင်းသည် အကျိုးများစွာဖြစ်ထွန်းစေပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးရန်အတွက် ကုန်ထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီပထမအစိုးရနှင့် ဒုတိယအစိုးရသက်တမ်းတို့ တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှသွင်းကုန်တင်သွင်းမှုကို ဦးစားပေးခဲ့ ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် ထုတ်ကုန် များကိုဦးစားပေး၍ ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ ပြည်တွင်း စီးပွားရေးတိုးတက်ရန်အတွက် လူတစ်စု၏စီးပွားတိုးတက်ရေးထက် လူအများ စီးပွား ရေး တိုးတက်ရန်လည်းလိုကြောင်း၊ ထို့ကြောင့် အများစုအကျိုးရှိနိုင်သည့် စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ခေတ်အဆက်ဆက်တွင် နိုင်ငံ့ စီးပွားရေးတိုးတက်ရေးအတွက် စနစ်အမျိုးမျိုး ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေး စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းချိန်၌ ဈေးကွက်စီးပွားရေးစနစ် ပိုမိုပီပြင်လာခဲ့ကြောင်း၊ သို့သော် နိုင်ငံ တော်အစိုးရအနေဖြင့် ပုဂ္ဂလိကမှ မလုပ်နိုင်သည့် အချို့သောစီးပွား ရေးလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်နေရကြောင်း၊ မိမိတို့၏ရည်ရွယ်ချက်မှာ ပုဂ္ဂလိကစီးပွားရေး ကို အားပေးလိုခြင်းဖြစ်ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်းပိုင်းဆိုင်ရာအရ အစိုးရတစ်ရပ်၏ ထိန်းကြောင်းမှုဖြင့်လည်း ကင်း၍ ရနိုင် မည် မဟုတ်သောကြောင့် ယခု မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်း အနေဖြင့်လည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အပြည့် အဝပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း။

မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်း ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများကိုအရည်အသွေးပြည့်မီစွာဖြင့် အရည်အတွက် များပြားစွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ နှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်စွာအသုံးချ၍ အကျိုး ရှိစွာ အသုံးပြုမည်ဆိုပါက မိမိတို့နိုင်ငံ၏စီးပွားရေးကဏ္ဍမှာတိုးတက်လာမည်ဖြစ် ကြောင်း။

နိုင်ငံတော်မှထုတ်ချေးပေးသည့် ချေးငွေနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးအရ ချေးငွေ များ ရှိသကဲ့သို့ စီးပွားရေးအရ ထုတ်ချေးပေးသည့် ချေးငွေများရှိကြောင်း၊ နိုင်ငံတော်မှ တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံအတွင်း ငွေကြေး လည်ပတ်သုံးစွဲမှုများ များပြားမှသာလျင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာ မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် သွင်းအားစုများလိုအပ်သဖြင့် ရရှိအောင်ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း စီမံကိန်းများအနက် အချို့မှာ အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ် ဓာတ်အားလုံလောက်မှုမရှိသေးကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း လက်တွေ့အသုံးချနိုင်မည်ဆိုပါက အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဓာတ်မြေဩဇာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံများရှိပြီး အဆိုပါ စက်ရုံများ လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပြီး ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများ ကို ဇီဝမြေဩဇာများအဖြစ် အသုံးချနိုင်ကြောင်း၊ အလားတူ အီးအမ်ဘိုကာချီ ကဲ့သို့ သော သဘာဝမြေဩဇာများကိုလည်း အသုံးပြုဆောင်ရွက်၍ရကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း လေးရပ်စလုံးပြည့်စုံကောင်းမွန် နေရန် လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက် ပေးမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

ထို့ပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေ နေရာများတွင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မွေးမြူရေးလုပ်ငန်းများကို စနစ် တကျဖြင့်ဆောင်ရွက်ပြီး အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းနှင့်  စားသောက်ကုန်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ် ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ၎င်းထက်ပိုမိုထုတ်လုပ်နိုင် မည်ဆိုပါက ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း။

လူသားအရင်းအမြစ်ကောင်းများ ရရှိရေး

လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်သူများပညာ ရည် မြင့်မားရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာပညာရပ်များ အလိုက် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ရေး ဘာသာရပ်များအလိုက်သင်တန်းကျောင်း များဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း ကျွမ်းကျင်လုပ် သားများမွေးထုတ်ပေးမည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပညာရေးအတွက်ရင်းနှီးမြှုပ်နှံမှုသည် များစွာကြီးမားပြီး နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ ဘာသာရပ်အလိုက် ပညာရပ်များကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်သည်အထိ သင်ကြားလေ့ကျင့်ပေး ရန်လိုကြောင်း။

သယံဇာတများကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်

မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များစွာရှိပြီး သစ်နှင့်ဝါး သယံဇာတများကို စနစ်တကျထုတ်ယူအသုံးပြု၍ ၎င်းတို့မှ စက္ကူပျော့ဖတ်များ ထုတ်လုပ်၍ရကြောင်း၊ ပြည်တွင်း၌ စက္ကူပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည် ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ထွက်ရှိသည့် ရာဘာများဖြင့် လူသုံးကုန်ပစ္စည်းများကိုထုတ်လုပ် ရန်လို ကြောင်း၊ အလားတူ ချည်နှင့် ချည်ထည်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရမှုများ ရှိသဖြင့် ပြည်တွင်း ဝါစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက် အောင် အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက် ၍ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်း သည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင် ကြောင်း၊ လုပ်သားများ၏ လစာငွေများနှင့် ရပိုင်ခွင့်များကိုလည်း မှန်မှန်ကန်ကန် ရရှိ အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်သားများကျွမ်းကျင်မှုရှိစေရေးနှင့် စက်ပစ္စည်း များ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ အရည် အသွေး ပိုမိုတိုးတက်ကောင်းမွန်လာပြီး ဝယ်လိုအားမြင့်တက်လာမည်ဖြစ်ကြောင်း။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံမဏိများထုတ် လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင် များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူသုံးကုန် ပစ္စည်းများကို ပြည်ပမှအများဆုံးမှာယူသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များ ပြားလျက်ရှိကြောင်း၊ ထို့ကြောင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက တိုင်းပြည်အတွက် များစွာ အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း။

ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် အကြောင်း အမျိုး မျိုးကြောင့် ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရကြောင်း၊ သို့သော် ယခုအခါ ဘဏ် လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့်လည်း လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံအတွက် ဘဏ်လုပ်ငန်းသည် အရေးကြီးသဖြင့် ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။

ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ခရီးသွားလုပ်ငန်းကိုအထောက်အကူပြုနိုင်သည့် ရပ်ရွာများသန့်ရှင်းသာယာ လှပရေးအတွက် အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်နိုင်မည် ဖြစ်ကြောင်း၊

မိမိတို့နိုင်ငံတွင် ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချို့သော ဆေးဝါးများမှလွဲ၍ ထုတ်လုပ်နိုင်သည့် ဆေးဝါးများကိုလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လို ကြောင်း၊ အလားတူ မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့  သွားရောက်၍ကျန်းမာရေးစောင့် ရှောက်မှုခံယူသူများ များပြားလျက်ရှိကြောင်း၊ ပြည်တွင်း၌ပုဂ္ဂလိက ဆေးရုံလုပ်ငန်း များ ဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူပြုမည် ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း

နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းမှ အများဆုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကို ကြည့်၍ အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊  ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။