နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး  ဆုများ ပေးအပ်ချီးမြှင့် 

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။


အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ ပညာရေးဒီဂရီကော်လိပ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများ၊ အားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မန္တလေးဇုန်(က)အသင်းနှင့် မန္တလေးဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးသည်။


အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာ ကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ် အနယ်ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပထမပိုင်းပွဲကစားချိန် ၁၆ မိနစ်တွင် မန္တလေး ဇုန် (ခ)အသင်းက ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ပွဲကစားချိန် ၃၆ မိနစ်တွင် ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် မိနစ် ၅၀ တွင်မန္တလေး ဇုန် (ခ)အသင်းက တတိယဂိုးကို ထပ်မံသွင်းယူ နိုင်ခဲ့သည်။
ယင်းနောက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေးကစားကြပြီး ပွဲကစား ချိန် ၅၉ မိနစ်တွင် မန္တလေး ဇုန် (က)အသင်းက ပထမဆုံးချေပဂိုးကိုပြန်လည် သွင်းယူ နိုင်ခဲ့ပြီး ပွဲကစားချိန် ၇၄ မိနစ်တွင် ဒုတိယချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သော်လည်း ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်တွင် မန္တလေးဇုန်(ခ) အသင်းက မန္တလေးဇုန်(က) အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူး ရရှိသွားသည်။


ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ  ပြိုင်ပွဲတွင် အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ် တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစား သမားဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ မန်းငြိမ်းမောင်၊  ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူတို့က တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင် က နှစ်သိမ့်ဆုရရှိသည့် ရန်ကုန်ဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တတိယ ဆုရရှိသည့် ရန်ကုန်ဇုန်(က)အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ဒုတိယဆုရရှိသည့် မန္တလေးဇုန် (က)အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။