နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ် အဖြစ်လည်းကောင်း၊ ကာဇက် စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြား ချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီး သွားရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ကာဇက်စတန်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်(၁) Mr. Roman Sklyar၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏သိရှိလိုသည့် မေးမြန်း မှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို ယခုလိုပဲဖော်ပြလိုက်ရပါတယ် –
မေး။ ယာယီသမ္မတကြီးအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ AtomMuseum ၌ ကျင်းပ ပြုလုပ်ခဲ့တဲ့ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week Forum)” ကို တက်ရောက်ခဲ့ ရတာကြောင့် ကျွန်မတို့ မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအပေါ်မှာ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။ နိုင်ငံတော်အတွက် ဘယ်လိုကဏ္ဍတွေမှာ အကျိုးရလဒ်ကောင်းတွေကို ဖော်ဆောင်လို့ရနိုင်မလဲဆိုတာ သိလိုပါတယ်။
ဖြေ။ မော်စကိုမြို့မှာပြုလုပ်တဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week Forum) ကိုတက်ရောက်ဖို့အတွက် သမ္မတကြီးပူတင်ရဲ့ဖိတ်ကြားချက်အရ ကျွန်တော်သွားတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယား ဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်တွေ၊ IAEA ရဲ့ညွှန်ကြားရေးမှူးချုပ်တို့ သူတို့နဲ့တွေ့ဆုံပြီးတော့မှ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီညီလာခံဟာ ထူးခြားတဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။ အဓိကကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု ရေးနဲ့ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်းဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အဏုမြူ စွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်း တွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ်နိုင် တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့အကျိုးရလဒ်ကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။
မေး။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကာဇက်စတန်သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ ယာယီ သမ္မတကြီး အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိအောင် ဆွေးနွေးနိုင်ခဲ့ပါသလဲဆိုတာ ပြောပြပေးပါဦးရှင့်။
ဖြေ။ ရုရှားသမ္မတကြီး မစ္စတာပူတင်နဲ့ သီးခြားတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်။ မတ်လမှာ တွေ့ဆုံခဲ့ပြီး ဖြစ်ပြီးတော့ တွေ့ဆုံခဲ့တဲ့ရလဒ်တွေကိုမူတည်ပြီးတော့ တိုးတက်မှုအခြေအနေတွေပေါ့ဗျာ။ ဒါတွေကို နှစ်ဖက်သုံးသပ်ပြီးတော့ ဒီထက်ပိုပြီးတော့မှ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်ကိစ္စ၊ သယ်ယူပို့ဆောင်ရေးကိစ္စ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေး နိုင်ခဲ့တာရှိပါတယ်။
အလားတူစွာပဲ ကာဇက်စတန်ကိုရောက်ရှိတဲ့အခါမှာလည်း ကာဇက်စတန်သမ္မတကြီး နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါလည်း ဒုတိယအကြိမ် ဆွေးနွေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လက တစ်ခါ ဆွေးနွေးပြီးဖြစ်ပါတယ်။ ပထမအကြိမ်ဆွေးနွေးခဲ့တဲ့ရလဒ်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်ကဏ္ဍတွေမှာ ပိုပြီးတိုးချဲ့ဖို့လိုမလဲ။ မြန်မာနိုင်ငံမှာ ဘာကိုရင်းနှီးမြှုပ်နှံမှုလုပ်မလဲ။ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အသုံးပြုပြီးတော့မှ ကာဇက်စတန်နိုင်ငံမှာ တန်ဖိုးမြင့်ပစ္စည်းတွေ ဘယ်လို ထုတ်လုပ်ကြမလဲ။ သိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ မြို့ပြ ဆိုင်ရာကိစ္စတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ ပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေရခဲ့တယ်လို့ ပြောလိုပါတယ်။
မေး။ ယာယီသမ္မတကြီးအနေနဲ့ ကာဇက် စတန်နိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရှိရပါတယ်။ အနာဂတ်ကာလများမှာလည်း မြန်မာနိုင်ငံနဲ့ ကာဇက် စတန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုမိုတိုးတက်ဆောင်ရွက်ဖို့ရှိပါသလား ဆိုတာ သိရှိလိုပါတယ်။
ဖြေ။ စောစောက ကျွန်တော်ပြောသလိုပေါ့ဗျာ။ ကာဇက်စတန်သမ္မတနဲ့ကတော့ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းပဲဖြစ်ပါတယ်။
ကာဇက်စတန်နဲ့ကျွန်တော်တို့က သံတမန်ဆက်ဆံမှုက ၂၆ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က သံတမန်ဆက်ဆံမှုလုပ်ခဲ့တာဖြစ်ပြီး ကျွန်တော်ရောက်တဲ့နေ့က ၂၇ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီတော့ ၂၆ နှစ်ပြည့်ပြီးတစ်ရက်မှာ ရောက်တာပေါ့လေ။ ထူးခြားမှုရှိပါတယ်။ သူတို့သမ္မတကြီးကလည်း ဒါကို အလေးထားပြီးပြောပါတယ်။ မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ပထမဦးဆုံးလာတဲ့ခရီးစဉ်ဖြစ်တယ်။ New Step ခြေလှမ်းသစ်တစ်ခုကိုစခဲ့တယ်ဆိုတာလေး သူပြောတာပေါ့။ စောစောက ကျွန်တော်ပြောသလိုပဲ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့်နည်းပညာ ကိစ္စရပ်တွေ၊ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရမယ့်ကိစ္စရပ်တွေ ဒါတွေ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာရှိ ပါတယ်။ ကာဇက်စတန်နိုင်ငံက တိုးတက်တဲ့နိုင်ငံတစ်ခုဆိုတာမြင်ပါတယ်။ အဓိကကတော့ မြေပေါ်မြေအောက်သယံဇာတပစ္စည်း တွေ။ အထူးသဖြင့် မြေအောက်သယံ ဇာတပစ္စည်းတွေ ရေနံနဲ့ဓာတ်ငွေ့တို့ ကြေးနီ၊ ရွှေ၊ ခရိုမီယမ်၊ သံ တော်တော်လေးထွက်ပါတယ်။ ကမ္ဘာမှာလည်း ထိပ်တန်းတင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလည်း လုပ်တဲ့နိုင်ငံတစ်ခုပါ။ သူတို့နိုင်ငံက ဂျုံက ကမ္ဘာမှာအကောင်းဆုံးဂျုံထဲမှာ ပါတာတွေ့ ပါတယ်။ ဒါလည်း နမူနာသုံးစွဲကြည့်ပြီးဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံကထုတ်ကုန် ပစ္စည်းထဲမှာ လည်း အဓိကတော့ပေါ်ဆန်းမွှေးဆန်ပေါ့။ ပေါ်ဆန်းမွှေးဆန်ကို တော်တော်လေး စိတ်ဝင် စားပါတယ်။ ကျွန်တော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကလည်း ဘယ်လို လမ်းကြောင်းကနေ သူတို့ဆီပို့ မလဲပေါ့။ ဒီဟာတွေ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံနိုင်ခဲ့မှုအခြေအနေကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကို နှစ်ဦးနှစ်ဖက်ကနေစိတ်အားထက်သန်စွာနဲ့တိုးချဲ့ ဆောင်ရွက် သွားဖို့ဆန္ဒရှိတာ တွေ့ရပါတယ်။
မေး။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို တည်ဆောက်တဲ့အခါ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော် အစိုးရအနေနဲ့ အဘက်ဘက်မှ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူ ပြည်သားများအနေနဲ့လည်း အားတက်သရော ဘယ်လိုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသင့်သလဲဆိုတာ ယာယီသမ္မတကြီးအနေနဲ့ ပြောပြပေးပါဦးရှင့်။
ဖြေ။ အဓိကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့လိုတယ်။ တစ်ဖက် ကလည်း နိုင်ငံရေး အရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ပြောဆိုနေကြတာတွေက တော်တော်လေးကို အားနည်းချက်တော့ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ် ကိုင်မယ်ဆို ပိုကောင်းမယ်လို့ကျွန်တော်မြင်ပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တွေ ကြိုးစား အားထုတ်မှုလည်း လိုတယ်။ ကြိုးစားအားထုတ်တာက နှစ်ပိုင်းပေါ့။ တစ်ခုကတော့ ပညာသင်ကြားရေး အပိုင်းကိုသွားရမယ်။ ဒါက ငြင်းပယ်လို့မရဘူး။ ပကတိ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေက ပညာရေးအားနည်းချက်ရှိတယ်လို့ပြောရမှာပဲ။ ဒုတိယကဘာလဲဆိုရင် ကုန်ထုတ်လုပ်မှု၊ အလုပ်လုပ် ဖို့လိုတာပေါ့။ ဒီနှစ်ခု ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့က သယံဇာတပစ္စည်းတွေ အပေါ်မှာပဲ ရောင်းတာပေါ့။ တွင်းထွက်ပစ္စည်း တွေ၊ ရေနံဓာတ်ငွေ့တွေ ရောင်းတာရှိမယ်။ နောက်တစ်ခါ သစ်တောထွက်ပစ္စည်းတွေ ရောင်းတာရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့က အလုပ်လုပ်ပြီးထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ ရောင်းချမှုက အားနည်းပါတယ်။ ဒါ ကျွန်တော်က ထောက်ပြပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာရှိတဲ့ ရေမြေတောတောင်တွေကို အသုံးချပြီးတော့မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကိုသွားဖို့လိုတယ်။ အဲ့ဒါတော့ခိုင်မာတဲ့လုပ်ငန်းပဲ။ ခုနကသယံဇာတ ထုတ်ရောင်းတယ်ဆိုတာခိုင်မာတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ခိုင်မာတဲ့လုပ်ငန်းဆိုတာ အလုပ်လုပ်ဖို့လို တယ်။ ကျွန်တော်ကာဇက်စတန်သွားတဲ့အချိန်မှာ သတိပြုမိတာရှိတယ်။ ကျွန်တော်တို့က GDP မှာ သုံးခုဖော်ပြပါတယ်။ ဘာလဲဆိုတော့ စိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးပေါ့။ သူတို့က စိုက်ပျိုးရေးကဏ္ဍ တော်တော်နည်းတာတွေ့တယ်။ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍကတော့ တော်တော်လေးများတာ တွေ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍက ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ သူတို့ လည်း သတိပြုမိမယ်ထင်ပါတယ်။ အခုသူတို့လည်း စိုက်ပျိုးရေးတွေ၊ ကုန်ထုတ်လုပ်မှုတွေ တော်တော် လေး အားပေးနေတာတွေ့ပါတယ်။ သူတို့နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ချက်ချင်းကို တိုတောင်းတဲ့ကာလအတွင်းမှာ ခွင့်ပြုပေးတယ်လို့ပြောတယ်။ ကျွန်တော်တို့ဆီမှာလည်း ကုန်ထုတ်လုပ် မှုနဲ့ပတ်သက်ရင် လူတိုင်းက စိတ်ဝင်စားဖို့လိုတယ်။
အရောင်းအဝယ်ထက် ကုန်ထုတ်လုပ်မှုကို အရင်စလုပ်ပြီးတော့ ကုန်ထုတ်လုပ်မှုက တစ်ဆင့် တိုင်းပြည် ဝင်ငွေကို ရအောင်ရှာရမှာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ သတိပြုမိဖို့လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ယခုခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး ယာယီသမ္မတကြီးအနေနဲ့ နေ့မအား၊ မနား ဆောင်ရွက်ခဲ့တာတွေကို မြင်တွေ့ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်ရှင့်။ ယာယီသမ္မတကြီး အနေနဲ့လည်း ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အောင်မြင်မှုတွေကို ပြောပြပေးပါဦးရှင့်။
ဖြေ။ အောင်မြင်တဲ့ခရီးစဉ်ပါဗျ။ ရုရှားနိုင်ငံကို ကျွန်တော်တို့ သွားတဲ့အချိန်မှာ အဏုမြူကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ ဒီနှစ်ခုကို သဘောတူညီချက်ယူခဲ့တာ ရှိပါတယ်။ အဲ့ဒါလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေ စပြီးချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန်နိုင်ငံပေါ့။ ကာဇက်စတန်နိုင်ငံက တရားဝင် လွတ်လပ်ရေးရတာတော့ ၁၉၉၁ ခုနှစ် နှောင်းပိုင်းကျမှ လွတ်လပ်ရေးရတာပါ။ ဒါပေမဲ့ သမိုင်းကြောင်း အခြေခံက အများကြီးရှိခဲ့ပါတယ်။သူ့ရဲ့ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လုပ်တဲ့အခါမှာ အခုတိုးတက်မှုတွေက မျက်ဝါးထင်ထင် မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော် တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲစောပါတယ်။
ဒါပေမဲ့ သူတို့ကတော့ မြေအနေအထား အတော်လေးသေးတဲ့အတွက်ကြောင့် တည်ဆောက်ရေးက အတော်လေးအားရတာပေါ့လေ။ အတုယူစရာတွေတွေ့တာပေါ့။ ကျွန်တော်သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုးတိုးတက်တဲ့ မြို့ပြတည်ဆောက်မှုတွေ ဘယ်လိုလုပ်ကြ မလဲဆိုတာ လည်း စဉ်းစားလုပ်ကိုင်လို့ရတာပေါ့။ ဒါကလည်း အောင်မြင်မှုလို့ ကျွန်တော်ပြောချင် ပါတယ်။