(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်     နိုဝင်ဘာ   ၁၉

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး  အောင်နိုင်ရေးအလံကို အပ်နှင်းသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး စတင်ကျင်းပရန် ရက်ပိုင်းခန့်သာလိုတော့ကြောင်း၊  သွားရောက်ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ်များအားလုံးရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ၊ အားကစားပညာရပ်ပိုင်းဆိုင်ရာအပါအဝင်အစစအရာရာ အသင့်ဖြစ်နေကြပြီဟု ယုံကြည်ကြောင်း။

နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများအားလုံးကလည်း အားကစားမောင်မယ်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်အဝဖြင့်  “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုသည့်အတိုင်း အားကြိုးမာန်တက် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်နေကြသည်များကို တွေ့မြင်သိရှိကြပြီး အောင်မြင်မှုရရှိရေးအားပေးကြရန် စိတ်အား ထက်သန်လျက်ရှိကြကြောင်း။

“လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံ” ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့် အောင်နိုင်လိုစိတ်များ အပြည့်နှင့်ယှဉ်ပြိုင်ကြရန် အသင့်ဖြစ်နေကြပြီဟုလည်း မျှော်လင့်ကြောင်း။

အားကစားမောင်မယ်တို့အတွက် ယခုပြိုင်ပွဲကြီးသည် နိုင်ငံတော်အတွက် ဆုတံဆိပ်များဆွတ်ခူးပြီး အားကစားလူချွန်လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ် လည်းဖြစ်ကြောင်း၊ အဆိုပါအခွင့်အလမ်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်သွားနိုင်ကြမည်ဟုလည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်လျက်ရှိကြောင်း၊ ထိုသို့နိုင်ငံတော်နှင့် မိဘ ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရန် မောင်တို့မယ်တို့အနေဖြင့် ရေကုန်ရေခမ်းအားထုတ်ကြိုးပမ်းသွားကြမည်ဟုလည်း အလေးအနက်ယုံကြည်ကြောင်း။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  အားကစားနည်း (၅၄)မျိုး ထည့်သွင်းကျင်းပမည်ဟုသိရှိရပြီး မိမိတို့နိုင်ငံအနေဖြင့် အချိန်ယူစခန်းသွင်း လေ့ကျင့်ခဲ့ပြီး အဆင့်မီမီပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၃၈) မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ လက်ရွေးစင်အားကစားသမားများကို လေ့ကျင့်ရာတွင် အထောက်အကူပြုရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ၊ စိတ်ပညာဆိုင်ရာနှင့် တားမြစ်ဆေးဝါးအကြောင်း အသိပညာဆွေးနွေးပွဲပေါင်း (၁၄)ကြိမ် ကျင်းပပေးခဲ့ခြင်းအပြင် လက်ရွေးစင်အားကစားသမားများအတွက် ဆေးပစ္စည်းများ ဖြည့်တင်းပေးခဲ့ပြီး စခန်းသွင်းလေ့ကျင့်ရေးအတွက်စားစရိတ်၊ ထောက်ပံ့ကြေး၊ လေ့ကျင့်ရေးသုံးပစ္စည်း၊ ပြိုင်ပွဲသုံးပစ္စည်းကုန်ကျစရိတ်များကိုလည်း နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း။

ထို့အပြင် ပြိုင်ပွဲတွင် အဆင့်မီမီယှဉ်ပြိုင်ရန်နှင့် ပြည်ပအတွေ့အကြုံရရှိစေရန် အတွက် ပြည်ပနိုင်ငံများသို့ အားကစားနည်း(၂၉) မျိုးကို (၁၁၉)ကြိမ် သွားရောက်ယှဉ်ပြိုင်စေခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် ပူးတွဲလေ့ကျင့်မှုအဖြစ် အားကစားနည်း (၁၆)မျိုးကိုအကြိမ် (၃၀) စေလွှတ်လေ့ကျင့်စေခဲ့ကြောင်း၊ နိုင်ငံခြားသားနည်းပြ (၅)ဦး ကိုလည်း နိုင်ငံတော်စရိတ်ဖြင့် ငှားရမ်း‌လေ့ကျင့်စေရေး  စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအသင်းသည် အားကစားနည်း (၁၉)နည်း ဝင်ရောက်ယှဉ်ပြိုင်ရာမှ ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆု  စုစုပေါင်း (၁၁၄) ဆုရရှိခဲ့သည်ကို နိုင်ငံတော်က  ဆုကြေးငွေစုစုပေါင်းငွေကျပ် ၃၃၃,၃၀၀,၀၀၀/- (ကျပ် သုံးထောင်သုံးရာ သုံးဆယ့်သုံးသိန်းတိတိ) ချီးမြှင့်ခဲ့ကြောင်း။

ယခု(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်ပိုမိုရရှိအောင် စွမ်းဆောင်ပေးကြရန် မှာကြားချင်ကြောင်း၊ သို့မှသာ မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို တိုးတက်မှုနှင့် မှတ်တမ်းတင်သွားနိုင်ကြမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဂုဏ်ကိုလည်း မြှင့်တင်ပေးရာရောက်မည်ဖြစ်ကြောင်း။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း၌ အမြင့်မားဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်သည့်အတွက် ယခုပြိုင်ပွဲမှတစ်ဆင့် အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဆက်လက်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မျှော်မှန်းကြိုးပမ်းသွားကြစေလိုကြောင်း၊ အားကစားပြိုင်ပွဲဆိုသည်မှာ  နိုင်ငံတစ်နိုင်ငံ၊  လူမျိုးတစ်မျိုး၏ကျန်းမာ ကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြိုးပမ်းအားထုတ်မှုများနှင့် စည်းလုံးညီညွတ်မှု များကို တရားမျှတစွာ ဖော်ထုတ်ပြသနိုင်သည့်စွမ်းရည်ယှဉ်ပြိုင်မှုလည်းဖြစ်ကြောင်း။

အမိမြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားအားလုံး၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်၍လည်း  ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကိုလည်း  သတိပြုနှလုံးသွင်းထားကြရမည်ဖြစ်ကြောင်း။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာစေရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးကြောင်း၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည် တိုင်းချစ်ပြည်ချစ်စိတ်ကို ဖြစ်ပေါ်လာစေပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ်ပေါ်ပေါက်လာစေမည်ဖြစ်သည့်အတွက်အားကစားကဏ္ဍကို  အားပေးမြှင့်တင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့တာဝန်ယူနေစဉ်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဆိုပြီးသီးခြားစီဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်သွားမည့် ရည်ရွယ်ချက်ပင်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့်  ခေတ်အဆက်ဆက်က အာရှအားကစားပြိုင်ပွဲနှင့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများကို စဉ်ဆက်မပြတ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး အသက် (၆၀)ပြည့်မြောက်သည့် အချိန်မှစ၍ သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ နေ့ကြီး၊ ရက်ကြီးများတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဝဏ္ဏ ကျော်ထင်ဘွဲ့၊  လူမှုထူးချွန်တံဆိပ် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် စသည်ဖြင့်  ထိုက်ထိုက်တန်တန်ချီးမြှင့်ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၅  ခုနှစ် အထိ ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ၆၅ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၄၈ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ၇၈ ဦး၊  စုစုပေါင်း (၂၁၂) ဦး ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊  ချီးမြှင့်ရန်ကျန်ရှိသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ်ချီးမြှင့် ဂုဏ်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကြမည့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူအခွင့်အရေးများ ရရှိလာကြမည်ဖြစ်ကြောင်း။

ယခုနိုင်ငံတော်ကိုကိုယ်စားပြုပြီး သွား ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် ကျန်းမာကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစား စွမ်းဆောင်ရည်မြင့်မားမှု၊  စံချိန်စံညွှန်းကောင်းမွန်မှုစသည့်အချက်များနှင့်ပြည့်ပြည့်ဝဝခိုင်ခိုင်မာမာရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲတွင်အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို မြန်မာအားကစားအဖွဲ့ဝင်များ အားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ  အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုကြောင်း။

ပြိုင်ပွဲကြီးက ပေါ်ထွက်လာမည့်အားကစားအောင်မြင်မှုများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ကို ပြောကြားလိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှကူညီအားပေးခဲ့ကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ အပါအဝင် အားလုံးကိုနိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိကြောင်းကို  ပြောကြားလို ကြောင်း။

မြန်မာအားကစားအဖွဲ့ဝင်များအားလုံးနိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်များဖြင့် အချင်းချင်းရိုင်းပင်းကူညီသွားကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်ဖြင့် တရားမျှတသန့်ရှင်းစွာယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသညီနောင်နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစား သူရဲကောင်းမောင်မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန် တိုက်တွန်းအားပေးမှာကြားလို ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်ထံ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အပ်နှင်းသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု  အခြေအနေများကို ရှင်း လင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး အားကစားအဖွဲ့များအသုံးပြုမည့် အားကစားနည်းများအလိုက် အသုံးအဆောင်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။