ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် မိဘပြည်သူများခင်ဗျား

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ကချင်ပြည်နယ်၏ (၇၈)နှစ်မြောက် ထူးမြတ်သည့်မင်္ဂလာအခါသမယတွင် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံးနဲ့ ကချင်တိုင်းရင်းသားအားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံလျက် ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့သည် သွေးသားအရင်းချာပမာ ရင်းနှီးချစ်ကြည်လေးစားကြလျက် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီ၍ နေထိုင်ခဲ့ကြပါသည်။ သို့သော်လည်း ပြည်ပ၏ လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝရောက်ခဲ့ရပါသည်။မိမိတို့တိုင်းရင်းသားအားလုံးသည် တောင်တန်း မြေပြန့်၊ ပြည်နယ် ပြည်မ မခွဲခြားဘဲ တစ်စိတ်တစ်ဝမ်းတည်းသော စည်းလုံးညီညွတ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းပြည်၏လွတ်လပ် ရေးကို ပြန်လည်အရယူနိုင်ခဲ့ကြပါသည်။

ထိုသို့လွတ်လပ်ရေးအတွက် အသက်သွေးချွေးပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့်မျိုးချစ်သူရဲကောင်းများတွင်ကချင်ပြည်နယ်မှခေါင်းဆောင်များနှင့် ကချင်တိုင်းရင်းသားများသည်လည်း စွန့်လွှတ်စွန့်စားစွာတိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြသည်မှာ ပြည်နယ်၏ နိုင်ငံတော်အပေါ် ကောင်းမြတ်သော သမိုင်းကြောင်းတစ်ခုပင် ဖြစ်ပါ သည်။ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၊ ပထမဆုံးညီလာခံ အစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ကို “ကချင်ပြည်နယ်”နေ့ အဖြစ် သတ်မှတ်၍ နှစ်စဉ် ကျင်းပခဲ့ရာ (၇၈) နှစ်မြောက်ရှိပြီ ဖြစ်ပါ သည်။

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ၊ ဖုန်ကန်ရာဇီ၊ မဒွယ်ရာဇီ စသည့် ရေခဲတောင်များနှင့် ဟူးကောင်းမြေပြန့်လွင်ပြင်တို့တွင် ဘူမိ၊ ရူပထူးခြားသောအခြေအနေများ၊ အဖိုးတန် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝစွာထွက်ရှိပြီး ပြည်နယ်အတွင်း နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံ ပိုင်ဆိုင်သည့် သာယာလှပသော ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်ရှိ မေခမြစ်နှင့်မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ တည်ငြိမ်လှပသော ဧရာဝတီမြစ်ကြီးဖြစ်ပေါ်လာခြင်းနှင့်ယှဉ်တွဲ၍ မြင့်မားမတ်စောက်သော တောင်တန်းကြီးများနှင့် စိမ်းလန်းသော သစ်တောများသည်လည်း ပြည်နယ်၏ ထူးခြားလှပမှုများပင် ဖြစ်ပါ သည်။ ကချင်ပြည်နယ်အတွင်း ဂျိမ်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူး၊ ရဝမ်၊ ဇိုင်ဝါး အစရှိသည့် ကချင်မျိုးနွယ်စုများ စုပေါင်းနေထိုင်ကြပါ သည်။ ထို့ပြင် ရှမ်းမျိုးနွယ်စုအချို့နှင့် ဗမာတိုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသားတို့သည်လည်းအတူတကွပူးပေါင်း နေထိုင်ကြ သည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်နေ့နှင့်အတူ ကျင်းပသော မနောပွဲသည် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ချစ်မြတ်နိုးသောစိတ်၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ရိုးရာအမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ရှင်သန်တက်ကြွစေသော အထိမ်းအမှတ်အစဉ်အလာကောင်းတစ်ခုပင် ဖြစ်ပါသည်။ မနောအက သည် ပြည်နယ်အတွင်းသာမက ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်း သာယာဝပြောစေရန် ဖော်ဆောင်လျက် စုပေါင်းညီညာကပြသည့် ပြည်နယ်သူ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှု ပြယုဂ်ဖြစ်ပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာဝပြောရေးကို ခိုင်မာသည်ထက်ခိုင်မာအောင်တည်ဆောက်နိုင်ရေးအဓိပ္ပာယ်ပြည့်ဝသော ရိုးရာယဉ်ကျေးမှုပွဲတော်ကြီးတစ်ခုဖြစ်ပါသည်။

ထို့အပြင် ကချင်ပြည်နယ်သည် အဖိုးထိုက်တန်သော တွင်းထွက် ရတနာများ၊ သဘာဝသယံဇာတများ၊ သဘာဝအရင်းအမြစ်များထွက်ရှိရာ ပြည်နယ်ကြီးဖြစ်သည့်အပြင် ရေခံ၊ မြေခံနှင့် ရာသီဥတု ကောင်းမွန်ခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများ အောင်မြင်တိုးတက်ဖြစ်ထွန်းလျက်ရှိပါသည်။ အလားတူ ပေါင်းစည်းခြင်း၏ သင်္ကေတဖြစ်သော ဧရာဝတီမြစ်ကြီး၏ အလှတရားနှင့်အတူ စိမ်းလန်းသာယာ စိုပြည်ခြင်းကလည်း ပြည်နယ်၏ ထူးခြားသော ဝိသေသပင် ဖြစ်ပါ သည်။

ကချင်ပြည်နယ်သည် ရေခံ၊ မြေခံကောင်းများနှင့် ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုများအားလုံး၏ စိတ်ဓာတ်နှင့် ခွန်အားများ စုပေါင်းစွမ်းအားဖြင့် ပြည်နယ်သာယာအေးချမ်းရေးနှင့် ပြည်နယ်သူ ပြည်နယ်သားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့်   အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာရန် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား

မိမိတို့အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ များတွင် မဲမသမာမှုကြောင့် ကြုံတွေ့လာမည့်အန္တရာယ်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်ကို ယူခဲ့ရ ခြင်းဖြစ်ပါသည်။ ထိုသို့ တာဝန်ယူပြီးနောက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက် ပြည်သူလူထု၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းလျက်ရှိရာ ကချင်တိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့် တည်ငြိမ်ငြိမ်းချမ်းစွာ ဖြေရှင်းကြရမည်သာ ဖြစ်ပါသည်။ ယခုကဲ့သို့ တိုင်းရင်းသားဒေသ   အသီးသီးကလက်နက်အားကိုးဖြင့် နိုင်ငံအတွက် ကောင်းကျိုးမဖြစ်နိုင်သည့် တိုက်ခိုက်မှုများ၊ တောင်းဆိုမှုများသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် အကြမ်းဖက်စနစ်သာဖြစ်ပြီး မိမိတို့တိုင်းရင်းသားများကို မိမိတို့ကိုယ်တိုင် ပြန်လည်ဒုက္ခပေးနေခြင်းပင်ဖြစ်ကြောင်း သတိထားဆင်ခြင် သုံးသပ်သင့်ကြပြီ ဖြစ်ပါသည်။ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ကြောင်းအသိပေးမှာကြားလိုပါသည်။

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ဒေသနှင့်တိုင်းရင်းသားများ အကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်ပါသည်။ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ နိုင်ငံ့ဝန်ထမ်းများနှင့်အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း အပ်ပါသည်။

ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက်မှာလည်း နိုင်ငံ တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများမှ ကင်းဝေးရန်လိုအပ်ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်နယ်အကျိုး၊ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအကျိုးကို ရှေးရှုပြီး တိုက်ပွဲများရပ်တန့်စေရေး၊ ဆူပူအကြမ်းဖက်များ ပပျောက်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် အချိန်အခါသင့်နေပြီဖြစ်ပါကြောင်း အသိပေး တိုက်တွန်းမှာကြားလိုပါသည်။

ယခုအခါ မိမိတို့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဦးတည်ချက်များချမှတ်၍ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ “နိုင်ငံတော်၏ အကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစု များ ပြည်သူ့ကိုယ်စားလှယ်လောင်းများဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များကို အကောင်အထည်ဖော်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ဆက်လက်၍ အပိုင်း(၂)နှင့်(၃)တို့ကို ဆက်လက်ကျင်းပပြီး ပေါ်ပေါက်လာမည့်အစိုးရအား မိမိတို့တာဝန်ယူထားသည့် နိုင်ငံ့တာဝန်များကို မကြာမီ လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်မှာ ရွေးကောက်ပွဲပင်ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့်ရွေးကောက်ပွဲအောင်မြင်ရေးနှင့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဝိုင်းဝန်းပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် အလေးထား တိုက်တွန်းအပ်ပါသည်။

ကချင်ပြည်နယ်သည် တစ်ဘက်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဒေသများ၌ တရားမဝင်ကုန်စည်စီးဆင်းမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စသည့် တရားဥပဒေနှင့်ဆန့်ကျင်သည့် ဖြစ်ရပ်များကြောင့် ပြည်နယ်အလှကို ပျက်စီးစေပြီး ပြည်နယ်၏ ဂုဏ်သိက္ခာကျဆင်းစေပါသည်။ ထိုသို့ ဥပဒေမဲ့လုပ်ရပ်များကို ဌာနဆိုင်ရာများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူအားလုံးက ဆန့်ကျင်တိုက်ဖျက်ကြရန် လိုအပ်ပါကြောင်းနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းဖော်ဆောင်ကြရန် အလေးထား မှာကြားလိုပါသည်။

ကချင်တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများ ခင်ဗျား

ကချင်ပြည်နယ်အနေဖြင့် သဘာဝမှ ပေးထားသည့် ရာသီဥတု၊ ရေမြေပထဝီ အနေအထားများအရ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းနိုင်သည့် ပြည်နယ်ဖြစ်ပါသည်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ထုတ်ကုန်များတိုးမြှင့်နိုင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ထုတ်ကုန်များကိုအခြေခံပြီး စက်မှုနည်းပညာများနှင့် ပေါင်းစပ်ကာ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှုများ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများအပေါ်တွင် အခြေခံ၍ တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်ကာ ဒေသလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့်အပြင် နိုင်ငံတစ်ဝန်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချပြီး ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ပညာရေးကဏ္ဍတွင် အတန်းပညာ အတတ်ပညာသာမက အရာရာကို မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်သည့် အသိပညာနှင့် တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်း လိုသည့်စိတ်များရှိသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်အောင်လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရန်ကိုလည်း အလေးထားမှာကြားလိုပါသည်။

နိုင်ငံတော်အနေဖြင့်  တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ စိုက်ပျိုးမွေးမြူရေးကို  အခြေခံသည့် အသေးစား၊အငယ်စား၊အလတ်စားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားများကလည်း ဟန်ချက်ညီညီ လိုက်ပါမြှင့်တင်ဆောင်ရွက်ပေးနိုင်ကြပါရန် တိုက်တွန်းလိုပါသည်။

နိဂုံးချုပ်အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူတိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းသာယာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေးတွင် အေးအတူ၊ ပူအမျှ စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်သွားနိုင်ကြပါစေ၊ နိုင်ငံရေး၊ စီးပွားရေး၊နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးများတွင် အမျိုးသား အကျိုးစီးပွားကို အလေးထားဆောင်ရွက်သွားနိုင်ကြပါစေ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ စုစည်းမှုစွမ်းပကားများ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများတွင် ဘက်ပေါင်းစုံမှ ဇွဲ၊ လုံလ၊ ဝီရိယများဖြင့် ပြည်နယ်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို  ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြပါစေကြောင်းနှင့် ကချင်ပြည်နယ်ကြီး ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်း တိုက်တွန်းရင်း (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့  ဤဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။