ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  သီတဂူစက္ခုဒါနဆေးရုံ တက်ရောက်ကုသမှုခံယူ လျက်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၊  သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို 

နေပြည်တော်  ဖေဖော်ဝါရီ  ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊  ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ဒဂုံမြို့နယ်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်၊   ကော်မရှင်အတွင်းရေးမှူးတို့သည် သီတဂူစက္ခုဒါနဆေးရုံတွင်လာရောက်ခွဲစိတ်ကုသမှုခံယူထားသည့်ပြည်သူများအား မျက်မှန်များတပ်ဆင်ပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း မျက်စိခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာ တော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ  ဉာဏိဿရအားဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများအား  မေးမြန်း လျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာများကို နာယူကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးကနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ အားဓမ္မလက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌက သီတဂူဆရာတော်ကြီး ထံ လူဖွယ်ဝတ္ထုပစ္စည်းများနှင့် မန္တလေး ငလျင်ကြီး၏ ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာ ဘုရားရှင်၏  ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာ ဘုရား၊စေတီပုထိုးများ ပြုပြင်  ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း ၃၀၀ ကို ဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါန ဆေးရုံတွင် ဆေးရုံတက် ရောက်ကုသရန်အတွက် လာရောက်မျက်စိ စမ်းသပ်သူ ၁၆၀၀ ခန့်ရှိကြောင်း၊ ထိုအထဲမှ ၅၀၀ ခန့်သည် မျက်စိခွဲစိတ်ကုသရန် လိုအပ်သူများဖြစ်ကြောင်း၊ မျက်စိခွဲစိတ် ကုသရန်လို အပ်သည့်  ပြည်သူများအား အခမဲ့ခွဲစိတ်ကုသခြင်းများကို   ဆောင်ရွက်ပေးလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။