နေပြည်တော် ဖေဖော်ဝါရီ ၂၈
၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁၄၆ ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး ၁ ပါး ကြွရောက်ချီးမြှင့်တော်မူကြ ပြီး နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်း ရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး အတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။
ထို့နောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင် မင်းကျောင်းဆရာတော်ဘုရားကြီးထံသို့လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးထံသို့လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်း ရေးမှူးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားသို့တက်ရောက်လာသည့် အကြီးအကဲများက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူ မည့်ဆရာတော်ကြီးများထံသို့လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ၏ဇနီးက ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီး ၁ ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။







