၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း  မဟာမင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပ

နေပြည်တော်  မတ် ၂

၂၀၂၆  ခုနှစ်  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်၊  မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မ သမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာ ဘိဝံသတို့အမှူးပြုသည့်  ၂၀၂၆  ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာ တော်များနှင့်   သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊  ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုစတင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနား အဖွင့်စာတမ်းကိုဖတ်ကြားလျှောက်ထား၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ  သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ  ကိုးပါးသီလခံယူဆောက် တည်ကြသည်။

ယင်းနောက်  အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ မဟာထေရ်က သာရဏီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက်ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို   ဆက်ကပ်ပူဇော်သည်။

ထို့နောက်   ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ   ဝိဇ္ဇာနန္ဒာဘိဝံသထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊  နယားကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယထံလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ (အလယ်)တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတထံလည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းဆရာတော် ဘဒ္ဒန္တ နာယကာဘိဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ် ပူဇော်ကြသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့်တာဝန်ရှိသူများက အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ၏ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး၊   စစ်ကိုင်းမြို့၊ သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်သီလရှင်ဆရာကြီး ဒေါ်ကလျာသိင်္ဂီထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များဆက်ကပ်ပူဇော်သည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူသူရဦးမြင့်မောင်အား ဘွဲ့တံဆိပ်နှင့်အဆောင် အယောင်များကို  ချီးမြှင့်အပ်နှင်းသည်။

ထို့နောက်    နိုင်ငံတော်ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ဇနီးက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါက်တာ ဌေးဌေးခိုင်၊ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ညွန့်ယဉ်ဝင်း၊ ဒေါ်သီတာအောင်၊ သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်နန်းအေခန့်၊ ဒေါ်ခင်သီတာ၊ သီဟသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်စမ်းစမ်းအေး၊ ဒေါ်ဥမ္မာမြင့်၊ ဒေါ်နီလာ၊ ဒေါ်ဝါဝါသင်း၊ ဒေါ်သဉ္ဇာဝင်းစိန်၊ ဒေါက်တာဒေါ်နန်းကူးကူ၊ ဒေါ်သီတာလွင်တို့အားလည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၏ဇနီးက သီဟသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်တင်မိုးနွယ်၊ ဒေါက်တာအေးခိုင်ညွန့်၊ ဒေါ်ခင်နှင်းဝေ၊ ဒေါ်မာလာတင့်၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်၊ ဒေါ်ခင်လေးမြင့်၊ ဒေါ်ခင်လှဝင်း၊ ဒေါ်စုညွန့်ဦး၊ ဒေါ်သန်း သန်းအေး၊ ဒေါက်တာနန္ဒာမွှန်းနှင့် ဒေါ်ကြူကြူစိုးတို့အားလည်းကောင်းဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊    ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အလှူရှင်များက ၂၀၂၆  ခုနှစ်၊  သာသနာတော်ဆိုင်ရာ  ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိသက်ဆိုင်ရာမဏ္ဍပ်များမှဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လောင်းလှူခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။