မြန်မာနိုင်ငံနှင့် (EAEU)အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော် ဇွန်  ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ  Mr.Bakytzhan Abdirovich Sagintayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက်  တွေ့ဆုံဆွေးနွေးပွဲကို စတင်ပြုလုပ်ရာ ဥရောပ-အာရှ စီးပွားရေး ကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့်  ယခုကဲ့သို့ စတုတ္ထ အကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်သည့်အတွက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်းဖြင့်   ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မိမိတို့ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေး သမဂ္ဂ (EAEU)  အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)တို့အကြား ၂၀၂၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင်  ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ(Memorandum of Cooperation – MOC) အားလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့်  (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ လက်မှတ်ရေးထိုးထားသည့်   ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား  အကောင် အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်မည်ဟုလည်း ယုံကြည်မျှော်လင့်ထား ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာကျယ်ပြန့်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် မြန်မာနိုင်ငံနှင့် (EAEU)အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင် ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေး၊  သတ္တုတူးဖော်မှုဆိုင်ရာနည်းပညာ မြှင့်တင်ရေးနှင့် စွမ်းအင်ကဏ္ဍမြှင့်တင်ရေးတို့တွင် နည်းပညာပိုင်းဆိုင်ရာ၊ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်သွားနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲများ၊ ဖိုရမ်များကျင်းပခြင်းတို့ဖြင့် စီးပွားရေးကုန်သွယ်မှု အခွင့်အလမ်းကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ – အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊  ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။