နေပြည်တော်   နိုဝင်ဘာ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးနှင့်  မွေးမြူရေးတက္ကသိုလ်(မအူပင်)ဖွင့်ပွဲအခမ်းအနားအား  ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ် (မအူပင်) သို့ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ကျောင်းသား၊  ကျောင်းသူများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ အခမ်းအနားသို့ ကော်မရှင်အတွင်း ရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပါမောက္ခချုပ်များနှင့်ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

ယင်းနောက်အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ပင်မဆောင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက်နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပင်မအဆောက်အဦ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ဦးစွာကျောင်းသား၊ကျောင်းသူလေးများကစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ဖွင့်ပွဲအထိမ်းအမှတ်သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနားသည် နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက်  ကျက်သရေမင်္ဂလာရှိသည့် နေ့ထူးနေ့မြတ် အခမ်းအနားဖြစ်သကဲ့သို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေးဆရာ၊ ဆရာမများအတွက်လည်း သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်း တင်နိုင်မည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ကို ၂၀၂၅-၂၀၂၆  ပညာသင်နှစ်မှစတင်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရသည့် အခြေခံရည်ရွယ် ချက်များမှာ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်း ပြည့်ဝသည့် စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ကြစေရန်ပင်ဖြစ်ကြောင်း။

ထို့အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် စိုက်ပျိုးရေးပညာရှင်များ၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာသင်ကြားမှု၊ သင်ယူမှုသာမက သုတေသနအခြေပြုတက္ကသိုလ်တစ်ခု (Research Oriented University) အဖြစ် တိုးမြှင့်ဖြစ်ပေါ်လာစေရန်ကိုလည်းမျှော်မှန်းဦးတည်ချက်ထားရှိကြောင်း၊ ယခုတက္ကသိုလ်မှ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးနိုင်မည့် ဘွဲ့ရပညာတတ်များမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံထားသည့် နိုင်ငံဖြစ်သည်နှင့်အညီစိုက်ပျိုးရေး၊   မွေးမြူရေးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာကို ကြည့်ပါကလည်း ဖွံ့ဖြိုးပြီး  နိုင်ငံများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီး စီးပွားရေးတိုးတက် အောင်  စွမ်းဆောင်ခဲ့ရာမှ  စက်မှုနိုင်ငံအထိ တည်ထောင်နိုင်ကြခြင်းဖြစ်ကြောင်း၊ အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး စားရေရိက္ခာဖူလုံအောင်၊    ပိုလျှံအောင်လုပ်ဆောင်နိုင်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်ကို ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နေကြကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကြွယ်ဝသည့် ရေမြေသဘာဝအရင်းအမြစ်များနှင့် ရာသီဥတုကောင်းမွန်မှုကိုအရင်းပြုပြီး   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို   တိုးတက်စေရန်နှင့်အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင်အသက်မွေး ဝမ်းကျောင်းပြုနေကြသည့်   ကျေးလက် နေပြည်သူများဖြစ်ကြကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက် နေပြည်သူများ၏ ဝင်ငွေတိုးတက်မှသာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမြေအမြောက်အမြားရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးနိုင်သည့် ရာသီဥတုနှင့် ဂေဟစနစ်မျိုးစုံရှိခြင်း၊ ရေချိုအရင်းအမြစ်ကြွယ်ဝခြင်းတို့ကြောင့် ပြည်တွင်းစားရေရိက္ခာဖူလုံသည်သာမက ပိုလျှံသည့် လယ်ယာသားငါးထွက်ကုန်များကို ပြည်ပကို တင်ပို့လျက်ရှိကြောင်း၊  အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏“စပါးကျီ”အဖြစ် သမိုင်းအစဉ်အလာကြီးသည့် ဒေသဖြစ်ကြောင်း၊ ယခုလိုစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုဖွင့်လှစ်နိုင်ခြင်းသည် ဧရာဝတီတိုင်းဒေသကြီး၏အဓိကလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင်တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်ခြင်းမှသည် နိုင်ငံတော်၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ရရှိစေနိုင်မည်ဟု ယုံကြည်ကြောင်း။

ယခင်က   မြန်မာနိုင်ငံတွင်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပြီးအလားတူ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သည်လည်း တစ်ခုတည်းသောတက္ကသိုလ်အဖြစ်ရှိခဲ့ကြောင်း၊ လက်ရှိကာလတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် တစ်နှစ်တွင်  စိုက်ပျိုးရေးဘွဲ့ရပညာရှင် ၃၀၀ ခန့်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည်   ၂၀၀  ခန့်သာ မွေးထုတ်ပေးနိုင်ကြောင်း၊ ကိုလိုနီခေတ်က စတင်၍ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်(၂)ခုသည် နိုင်ငံတော်အတွက် လိုအပ်သည့် ဘွဲ့ရပညာရှင်အရေအတွက် လုံလောက်အောင်   မွေးထုတ်ပေးနိုင်ခြင်းမရှိသည့်အတွက် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း။

ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစပြီး   နိုင်ငံတော်အတွက် အဆင့်မြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဘွဲ့ရ ပညာရှင်များ၊ အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးဒီပလိုမာလက်မှတ်ရပညာရှင်များ၊ စိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်အဆင့်ရှိ အသိအမှတ်ပြု လက်မှတ်ရပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(၈၉)ကျောင်း၊ ရှိရင်း စိုက်ပျိုးရေးသိပ္ပံ (၁၅)ကျောင်းမှ မွေးမြူရေးဘာသာရပ်ပါ သင်ကြားပေးနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံအဖြစ် ကျောင်း(၉)ကျောင်းတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်း(၁)ကျောင်းနှင့် တိရစ္ဆာန်ဆေးကုသရေး သိပ္ပံ(၁) ကျောင်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် အခြေခံလူ့စွမ်းအားအရင်းအမြစ်များကို ယခင်ကာလထက် စုစုပေါင်း(၈၃၅၂)ဦးကို ပိုမိုသင်ကြားမွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်သည့် မအူပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်မှလည်းနှစ်စဉ်စိုက်ပျိုးမွေးမြူရေးပညာရှင်(၃၀၀)ဦးစီ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထပ်မံပြီးလည်း အထက်မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် အသစ်တစ်ခုဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အနာဂတ်မျှော်မှန်းချက်အဖြစ်  တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကောလိပ်ကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်နိုင်ရန်  ဆွေးနွေးသုံးသပ်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့်မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေရန်ရည်မှန်းထားကြောင်း၊ ရည်မှန်းထားသည့်အတိုင်းလည်းဖြစ်မြောက် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် စိုက်ပျိုးရေးပညာနှင့် သက်ဆိုင်သည့် မဟာဌာနကြီး(၁၃)ခု၊ မွေးမြူရေးပညာနှင့် သက်ဆိုင်သည့် မဟာဌာနကြီး (၁၂)ခု၊ အခြေခံ ဝိဇ္ဇာသိပ္ပံပညာရပ်ဌာန(၃)ခု ပါဝင်ဖွဲ့စည်းထားပြီး အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများနှင့် ဌာနအသီးသီးမှ ဘာသာရပ်ကျွမ်းကျင်သူပညာရှင်ကြီးများကို စုစည်းအားဖြည့်သင်ကြားပေးရန် စီစဉ်ထားသည်ဟု သိရှိရကြောင်း၊ အချို့ဘာသာရပ်များကိုလည်း ပညာရှင်များကို ဧည့်ပါမောက္ခကြီးများအဖြစ် ဖိတ်ကြားသင်ကြားပေးခြင်း၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများပြုလုပ်ပေးခြင်းတို့ဖြင့် အဘက်ဘက်က လစ်ဟာမှုမရှိအောင် ကြိုးပမ်းသွားရန်အကြံပြုလိုကြောင်း၊ ဘွဲ့လွန်သင်တန်းများအဖြစ် ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များအထိ ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်သည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး တက္ကသိုလ်၏ “စိုက်မွေးပညာ၊ ပြည်ရွာဖွံ့ဖြိုး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကိုးရသည့် တက္ကသိုလ်တစ်ခု ဖြစ်လာမည်ကို ပြောကြားလိုကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်ကို သာမန်အားဖြင့် အသုံးချသိပ္ပံပညာရပ် သက်သက်အဖြစ်သာ ရှုမြင်လေ့ရှိကြောင်း၊ အမှန်တကယ်မှာ စိုက်ပျိုးရေးပညာရပ်များ နှင့်သက်ဆိုင်သည့် မြေဆီလွှာ၊ ဇီဝဗေဒ၊ ရုက္ခဗေဒ၊  ဘာသာရပ်များအပါအဝင်ဘာသာရပ်(၁၃)ခု၊  မွေးမြူရေးပညာရပ်နှင့် သက်ဆိုင်သည့် မွေးမြူရေးပညာ၊ ဆေးပညာ၊ ခွဲစိတ်ကုနှင့်  မျိုးပွားပညာအပါအဝင် ဘာသာရပ် (၁၂) ခု စသည့် ဘာသာရပ်များနှင့် သီအိုရီနှင့် နည်းပညာသဘောတရားများသည် ကျယ်ပြန့်ကြောင်း၊  အဆိုပါအချက်များကို နားလည်တတ်မြောက်ပြီး ရေ၊ မြေ၊ ရာသီဥတု စသည့်သဘာဝတရားများနှင့်ကိုက်ညီအောင်ဆောင်ရွက်နိုင်ရန်   ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ တွေးခေါ်မြော်မြင်မှုနှင့် ပြဿနာဖြေရှင်းမှုစွမ်းရည်၊ တောင်သူနှင့်မွေးမြူရေးသမားများ၏ ခံယူမှုနှင့် လူမှု စီးပွားဆိုင်ရာ အချက်အလက်များ စီမံခန့်ခွဲမှုပညာ (Art of Management)ကိုပါ သင်ကြားပေးသည့် ပညာရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် သိပ္ပံပညာရပ်များသာမက စဉ်းစားတွေးခေါ်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်နှင့်ပြည့်စုံသည့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအဖြစ် မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး သင်ယူသည့် ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် မွေးမြူရေးဘွဲ့ကိုပါအပ်နှင်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်သဖြင့် ဘွဲ့ရများနှင့်ကျေးလက်နေပြည်သူများအနေဖြင့်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းသာမက စိုက်ပျိုးရာသီပြင်ပတွင် မွေးမြူရေးလုပ်ငန်း များကဝင်ငွေကိုပါရရှိခြင်းအားဖြင့် မိသားစုဝင်ငွေတိုးတက်လာပြီး   ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးသည့် ဒေသကြီးဖြစ်သကဲ့သို့ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းများလည်း အများအပြားရှိကြောင်း၊ သို့သော်လည်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ   ဧရိယာကျယ်ပြန့်စွာရှိနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးသည့်အတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးတွဲဖက်ဆောင်ရွက်သည့်စနစ်များကို တိုးချဲ့ဆောင်ရွက်ကြရန်လိုကြောင်း၊စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) အနေဖြင့် အဆိုပါစနစ်များကို သုတေသနပြုပြီး အောင်မြင်အောင် စမ်းသပ်ဆောင်ရွက်ပေးရန်ကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် တိုးပွားလာသည့် လူဦးရေအတွက် စားရေရိက္ခာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာ၊ သားငါးတန်ဖိုးမြင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေစသည့် ရည်မှန်းချက်များကို ပြည့်မီစေမည်ဖြစ်ကြောင်း၊ ယခုတက္ကသိုလ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို ဆည်းပူးသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအောင်မြင်တိုးတက်ဖို့ “စိုက်မွေးပညာ၊ ပြည်ရွာဖွံ့ဖြိုး” ဆိုသည့်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ တိုင်းပြည်နှင့်လူမျိုးအကျိုးကိုဆတက်ထမ်းပိုး တိုးတက်ထမ်းဆောင်သွားကြရန်နှင့် တက္ကသိုလ်အနေဖြင့်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များစွာကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌထံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကစိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ဖွင့်လှစ်ခြင်းအထိမ်းအမှတ်ပစ္စည်းအား ဂါရဝပြုပေးအပ်သည်။

အခမ်းအနားအပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် တက္ကသိုလ်အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ ဆရာ၊ဆရာမများ ခန့်အပ် ဆောင်ရွက်လျက်ရှိမှု၊ သင်ကြားရေးဌာန များဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရန်အတွက်လျာထားဆောင်ရွက်လျက်ရှိမှု၊ နှစ်အလိုက်   ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ တက္ကသိုလ်အတွက် လိုအပ်သည့်အဆောက်အဦများထပ်မံဆောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)၌ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိမှုနှင့် ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်မှု၊ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစိုးရနည်းပညာအထက်တန်းကျောင်း (မအူပင်)ဆိုင်ရာအချက်အလက်များ၊အလုပ်ရုံနှင့်အုပ်ချုပ်မှုဆိုင်ရာအဆောက် အဦများတည်ဆောက်ထားရှိမှု၊   သင်ကြားရေးဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ အထူးပြုပညာရပ်များအလိုက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ဒေသလိုအပ်ချက်အရ ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင်စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်မှာ ယခင်ကတစ်ခုတည်းသာရှိခဲ့ကြောင်း၊  ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)ဖွင့်လှစ်နိုင်ရေးမိမိအနေဖြင့်  ၂၀၂၁  ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ရန်နှောင့်နှေးခဲ့ရကြောင်း၊   စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် များသို့ တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်စီးပွားရေးအဓိကထားဆောင်ရွက်ခြင်းဖြစ်သဖြင့် မိရိုးဖလာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းထက် နည်းစနစ်ကျနသည့်    ခေတ်မီစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ထို့ကြောင့်စိုက်ပျိုးမွေးမြူရေးပညာရှင်များကိုမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး Agro Base Industries ကိုဆောင်ရွက်နိုင်ရေး ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏ ပညာရည်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာစေရေး ဌာနဆိုင်ရာ  တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ၌လည်း တန်းစဉ်ကူးပြောင်းမှုများ  မြင့်မားလာစေရေးကို လည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့” ဟူသည့် နိုင်ငံတော်မှချမှတ်ထားသည့်အတိုင်း ပညာရေးဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

တက္ကသိုလ်များတည်ဆောက်ရာတွင် ရေရှည်အတွက်ကြိုတင်မြော်တွေး၍ Master Plan ချမှတ်ကာ စနစ်တကျရေးဆွဲတည်ဆောက်ရန်လိုကြောင်း၊ တက္ကသိုလ် ဝင်းများအတွင်း အရိပ်ရလေကာပင်များနှင့် တက္ကသိုလ်ကိုကိုယ်စားပြုသောအပင်များ ကို စိုက်ပျိုးသွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်မှ နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်း များမွေးထုတ်ပေးပြီး အရည်အချင်းရှိသည့် စိုက်ပျိုးမွေးမြူရေး ပညာရှင်များဖြစ်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။

      

ထို့နောက်  နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)၏ ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)၊အစိုးရနည်းပညာအထက်တန်းကျောင်း (မအူပင်)နှင့် ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ်(မအူပင်)တို့ အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။