နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် စိုက်ပျိုးရေးတောင်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ – ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စိုက်ပျိုးရေးတောင်သူများအား ယနေ့မွန်းလွဲပိုင်း တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက် ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က ဒေသဆိုင်ရာအချက်အလက် များ၊ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ထုတ်ကုန်များ ထုတ်လုပ် နိုင်မှုအခြေအနေများ၊ စားသုံးဆီထုတ်လုပ်မှုနှင့်ဖူလုံမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူ ရေး အထောက်အကူပြု နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်ရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဝါသီးနှံများအထွက် တိုးရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများလျှပ်စစ်မီး ရရှိရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပညာသင်ကြားရေးပညာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ရာနှုန်းပြည့်နီးပါး တာဝန်ထမ်းဆောင်နေမှုအခြေ အနေများ၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများ၊ ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေ အနေများ၊ နိုင်ငံသားစိစစ်ရေးကတ်များရရှိရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ သောက်သုံးရေ ဖူလုံမှုရှိစေရေးဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေ အနေ များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နှမ်း၊ မြေပဲ၊ ပဲစိမ်းငုံ၊ ဝါနှင့် ကြက်သွန်စိုက် တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လယ်ယာသုံးစက်ကိရိယာများ လိုအပ်မှုအခြေ အနေများ၊ သွင်းအားစုများ၊ မြေဩဇာများ လိုအပ်မှုအခြေအနေများ၊ ပြည်ပသို့ စိုက်ပျိုး ရေးထွက်ကုန်များနှင့် ထုတ်ကုန်များ တင်ပို့ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ သီးနှံစိုက်ပျိုးရေးပညာရှင်များက စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်စေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် အခြားလိုအပ်ချက် များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးတင်ထွဋ်ဦး၊ ဦးကိုကို၊ ဦးလှမိုး၊ ဦးအောင်သန်းဦး နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော် တို့က သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်ရှင်းလင်း ပြောကြားရာ၌ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အစိုးရ အဆက်ဆက် နှစ်အလိုက် စီမံချက်ချဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေး ကဏ္ဍမြှင့်တင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေး တောင်သူများကို သမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်၍ လယ်ယာသုံး စက် ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း သင်တန်းများဖွင့်လှစ်၍ အသက် မွေးပညာသင်တန်းများ သင်ကြားပေးမည့်အခြေအနေများ၊ ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ဓာတ်မြေဩဇာ စက်ရုံများလည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လျှပ် စစ်ဓာတ်အားများ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် အဓိကအားဖြင့် ဒေသမကွေးတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ရှိကြောင်း၊ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြကြောင်း၊ အဓိကအားဖြင့် ပဲ၊ နှမ်း၊ ဝါနှင့် ကြက်သွန်များကို စိုက်ပျိုးကြကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပဲမျိုးစုံနှင့် နှမ်းကိုစိုက်ပျိုးကြ ကြောင်း၊ မြေပဲနှင့် နှမ်းတို့မှ ဆီများထုတ်လုပ်သကဲ့သို့ အခြားထုတ်ကုန်များတွင်လည်း အသုံးပြုကြကြောင်း၊ ပြည်ပသို့တင်ပို့မှုများလည်းရှိကြောင်း၊ ဆီထွက်နှုန်းများတွင် နှမ်းသည်အနည်းဆုံးဖြစ်ပြီး မြေပဲမှာနှမ်းထက် ဆီထွက်နှုန်းများပါကြောင်း၊ အထွက် နှုန်း များတိုးအောင်ဆောင်ရွက်နိုင်ပါက အကျိုးပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း၊

အခြေခံအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်များလို အပ်ကြောင်း၊ မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်နှင့် ဓာတ်မြေဩဇာများ ထည့်သွင်းရန်၊ ရေကောင်းစွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများတွင်လည်း တိရစ္ဆာန်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးရန်လိုကြောင်း၊ စိုက်ပျိုးမြေများရေရရှိရေးအတွက် ရှိပြီးဖြစ်သည့် ဧရာဝတီ မြစ်ကိုလည်း စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လယ်စိုက်ဧကပေါင်း ၆ သိန်းကျော်၊ အခြားစိုက်ပျိုးဧကပေါင်း ၂ ဒသမ ၂ သန်းကျော် ရှိကြောင်း၊ ရေကိုအကျိုးရှိစွာအသုံးချရန်လိုသကဲ့သို့လည်း နေရောင်ခြည်စွမ်းအင်ကို လည်းအကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာရက်မှာ ပျမ်းမျှ ရက် ၇၀ သာရှိသဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ခြင်းမှ စိုက်ပျိုးမြေများအတွက်လိုအပ်သည့် ရေများရရှိရေး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်၍ရသဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် ရေအားထိန်း၍ရသည့် နေရာများရှိပြီး အဆိုပါနေရာများ၌ တမံနိမ့် (Low head Dam) များဆောက်လုပ်၍ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ သွားလာမှုမပြတ်စေဘဲတစ်နှစ် ပတ်လုံးစိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက် ၍ရနိုင်ကြောင်း။

မြေဩဇာရရှိရေးနှင့်ပတ်သက်၍ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နွားအကောင်အရေပေါင်း ၁ ဒသမ ၃ သန်း ကျော်၊ ကျွဲအကောင်အရေပေါင်း ၃ သောင်း ၈ ထောင်ကျော်၊ အသားစားကြက် ၁ ဒသမ ၆ သန်း၊ ဥစားကြက် ၂ သိန်းကျော်၊ ဒေသကြက် ၃ သန်း ၃ သိန်းကျော်ရှိကြောင်း၊ အဆိုပါတိရစ္ဆာန်များမှ ထွက်ရှိသည့် နွားချေး၊ ကျွဲချေး၊ ကြက်ချေးများအား စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချ၍ရကြောင်း၊ နိုင်ငံတကာတွင်လည်း အဆိုပါ နွားချေး၊ ကျွဲချေး၊ ကြက်ချေးများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုကြကြောင်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လှောင်မွေးသည့်စနစ်ဖြင့် ဆောင်ရွက်မည် ဆိုပါက ဇီဝမြေဩဇာများ ရရှိနိုင်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် တိရစ္ဆာန် အစာ အတွက်အခြေခံကုန်ကြမ်းများပေါများကြောင်း၊ နှံစားပြောင်းနှင့် ကောက်ရိုးများကို စနစ်တကျဖြင့် ပြုပြင် ပြီး တစ်နှစ်ပတ်လုံးတိရစ္ဆာန်အစားအစာလုံလောက်စေရေး(ဥပမာ-ပြောင်း၊ ကောက်ရိုး  ချဉ်ဖတ်ပြုလုပ်ခြင်း)များ ပြုလုပ်၍ရကြောင်း။

ဆိတ်မွေးမြူရေးနှင့် ပတ်သက်၍လည်း မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူ သည့် ထိန်စန်းမျိုးမှာအသားထွက်နှုန်းကောင်းပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များ လိုအပ် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်း များရှိကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများလည်း ထပ်မံဖွင့်လှစ်နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း၊ တက္ကသိုလ်များအား ဇန်နဝါရီ ၆ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများ ရန်လိုကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ အားနည်းပြီး အတန်းပညာတတ်မြောက် မှုများ အားနည်းနေသေးသည်ကိုတွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေမှုများမရှိသည်ကို တွေ့ရှိရ ကြောင်း။

အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အတန်းပညာ ရှိရေးအတွက် အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လည်း အနည်းဆုံး ၉ တန်းအောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးကျောင်းများကို တက်ရောက် ခြင်း ဖြင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို ပိုမိုတတ်ကျွမ်းမည်ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်ပစ္စည်းများကို ပိုမိုထုတ်လုပ်နိုင်ပြီး လူမှုဘဝဖွံ့ဖြိုးတိုး တက်စေမည်ဖြစ်ကြောင်း။

ပညာသင်ရမည့်အရွယ်တွင်ပညာသင်ကြားရန်နှင့် စီးပွားရေးကောင်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့တွင် ရှိပြီးသားပစ္စည်းများကိုအကျိုးရှိစွာ အသုံးချရန် လိုကြောင်း၊ လူသားအရင်းအမြစ်များမွေးထုတ် နိုင်ရေး ကျောင်းများနှင့် ပညာရေးကို မြှင့်တင်ပေးရန်လိုကြောင်း၊ အလားတူ အသောက်အစားအပျော်အပါး လိုက်စားခြင်း များကို တတ်နိုင်သမျှ ရှောင်ကျဉ်ရန်လိုကြောင်း၊ ကျန်းမာရေးမြှင့်တင်မှုအတွက် လူတစ်ဦးချင်းစီ၏ အကျင့်ကိုပြင်ရန်လိုကြောင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက် သောက်ခြင်း၊ ကွမ်းစားခြင်းများကို လျှော့ချနိုင်ပါက ကျန်းမာရေးထိခိုက်မှုကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ စားသောက်မှုပုံစံများ စနစ်တကျ ဖြစ်ရန်လိုကြောင်း၊ ဆန်စားသုံးမှုအပြင် အခြား ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးနှင့် ဥများကိုလည်း ပြည့်ဝစွာ စားသုံးရန်လိုကြောင်း၊ ဆီစားသုံးမှုကိုလည်း ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လျှော့ချစားသုံး ရန်လိုကြောင်း၊ အစားအစာများစားသုံးရာတွင် အသိဖြင့် စားသုံးမည်ဆိုပါက ကျန်းမာရေးအတွက် များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဝမ်းစာဖူလုံရေး တိုးတက်အောင်ဆောင်ရွက်ရာ တွင် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားမြေပေါ်တွင် စနစ်တကျဖြင့်စိုက်ပျိုးပြီး အထွက်နှုန်းတိုးအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ သစ်ပင်များလျော့နည်း လာသဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ချက်ပြုတ်ရေးအတွက် ထင်း အဖြစ် အသုံးပြုမှုများကိုလည်း တတ်နိုင်သမျှလျှော့ချရန်လိုပြီး နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ခြင်းများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သစ်တော သစ်ပင်များကို ထိန်းသိမ်းခြင်းဖြင့်ရာသီဥတုများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်အုပ်တစ်မ သစ်တောစိုက်ခင်းများ၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများ စိုက်ပျိုးရန် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ဝါမျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်း စနစ်မှန်ကန်စေရေးနှင့် ရေလုံလောက်စွာရရှိရေးအတွက် အရေကြီးကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါများသည် မိမိတို့နိုင်ငံတွင်သုံးစွဲရန်အတွက် လုံလောက်မှု ရှိကြောင်း၊ သို့သော်အဆင့်မီသည့်ချည်မျှင်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်ချက် များရှိနေသေးကြောင်း၊ ထို့ကြောင့် ပြည်ပမှ မျိုးကောင်းမျိုးသန့်များရရှိစေရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ ချည်မျှင်များတင်သွင်းနေရကြောင်း၊ ထို့ကြောင့် အဆင့်မီသည့်ဝါဂွမ်းများကို စိုက်ပျိုးထုတ်လုပ် နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝါစေ့မှ ဆီထုတ်လုပ်၍ရသကဲ့ သို့ တိရစ္ဆာန်အစာလည်း ပြုလုပ်၍ရကြောင်း၊ ပြည်တွင်းဝါထုတ်လုပ်မှုများ တိုးတက် လာမည်ဆိုပါက ပြည်တွင်းစက်မှုလုပ်ငန်းများတိုးတက်ရေးကိုလည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကုန်သွယ်မှုလိုငွေများ များစွာရှိခဲ့ကြောင်း၊ ရှိပြီးသားစက်ရုံများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ သွင်းကုန်ဦးစားပေးမှုကြောင့် ထိုသို့ ကုန်သွယ်မှုလိုငွေများ များပြားနေ ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တမာပင်များစွာရှိကြောင်း၊ အဆိုပါတမာပင်များမှ ပိုးသတ်ဆေးများထုတ်လုပ်၍စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချ၍ရကြောင်း၊ မကွေးတိုင်းဒေသကြီးမှ မိမိတို့နိုင်ငံပြည်သူများအားလုံးအတွက်အဝတ် အထည်များ ထုတ်လုပ်ပေးနိုင်သည့် အဓိကတိုင်းဒေသကြီးတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း။

ကြက်သွန်စိုက်ပျိုးမှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန် စိုက်ပျိုးထုတ်လုပ်မှုများစွာရှိကြောင်း၊ ကြက်သွန်ကိုလည်း တိုင်းဒေသကြီး၏ အဓိက ထွက်ကုန်အဖြစ် စိုက်ပျိုးစေချင်ကြောင်း၊ အထွက်နှုန်းကောင်းအောင်ဆောင်ရွက် နိုင်ခြင်းဖြင့် ပိုမိုအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကြက်သွန်များကို ပြည်ပသို့ နှစ်စဉ်တင်ပို့နေကြောင်း၊ ကြက်သွန်ကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ် လုပ်နိုင်ပြီး အသေးစားစက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။

မကွေးတိုင်းဒေသကြီးအတွင်း ဒေသအလိုက်ကွာခြားမှုများ များပြားကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ကွာခြားမှုများမရှိစေရေး ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက် စေရန်အတွက် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ စီးပွားရေးများဖွံ့ဖြိုးတိုးတက်စေရန်နှင့် သွားလာရေးများအဆင်ပြေ စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် ဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ မိမိတို့ဒေသတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဃာတ တရားများ၊ အငြိုးအတေးများမရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးအတွက်လည်း အားပေး ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူ များ၏ဘဝ တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ အတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး ရှိပြီးသားအခြေခံ ကောင်းများကိုအသုံးချ၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင် များလိုက်ပါ၍ မကွေးမြို့ရှိမြသလွန်စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဘုရားဂေါပကအဖွဲ့ထံအလှူငွေများပေးအပ်လှူဒါန်းပြီး ဘုရားဂေါပက အဖွဲ့က ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်သည်။ ထို့နောက်နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး ပြီးစေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည် ညိုခဲ့ပြီးနောက် ဘုရားဖူးလာရောက်သော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။