Naypyitaw State Academy ဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ – ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါ်အေးနုစိန် Jean Phang နော်တောင်၊ ဦးမောင်းဟာ နှင့်ဦးစိုင်းလုံးဆိုင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Naypyitaw State Academy ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး Naypyitaw State Academy ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်း ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Naypyitaw State Academy ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
ယင်းနောက် ပထမထပ်ရှိ Function Hall အတွင်း Naypyitaw State Academy ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပရာ ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာမများ၊ ကျောင်းသူများနှင့် အနုပညာရှင်များက Naypyitaw State Academy အဖွင့်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် အဆင့်မြင့်ပညာ ကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုကို မြို့တော် နေပြည်တော်တွင် ဖွင့်လှစ်နိုင်သည့်အတွက် ကျက်သရေမင်္ဂလာရှိသည့် နေ့ထူးနေ့မြတ် အခမ်းအနားဖြစ်ပါကြောင်း။
Naypyitaw State Academy ကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နေပြည်တော် ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြ သည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော် ၈ မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ဒေသခံပြည်သူများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန် ဖြစ်ပါကြောင်း။
ထို့ပြင် ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုကို အခြေခံသည့်သင်ကြား သင်ယူ မှုကို အလေးထားအားပေးပြီး အသုံးချသုတေသနများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ မြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထား ကြိုးပမ်း သွားကြရမည်ဖြစ်ပါကြောင်း၊ အသိပညာအတတ်ပညာနှင့် ပြည့်စုံပြီး ပညာ ပြည့်ဝနှလုံးလှသည့် စိတ်ဓာတ်ကောင်းမွန်သော ပညာတတ် နိုင်ငံ့သားကောင်းရတနာ မွန်များကို မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။
Naypyitaw State Academy အမှတ်တံဆိပ် ဆောင်ပုဒ်သည် “ ပညာဧဝ အဓိပတိ ” ဟု သတ်မှတ်ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ပုဒ်မှာ “ပညာသည်သာ အရှင်သခင်၊ ပညာသည်သာ အကြီးအမှူး၊ ပညာသည်သာ ဦးဆောင်သူ” ဖြစ်သည်ဟု လေးလေးနက်နက် ဖော်ညွှန်းထားခြင်းဖြစ်ပါကြောင်း၊ ပညာကို ဦးထိပ် ပန်ဆင်ကာ ပညာကိုအထွတ်အမြတ်ထားပြီး သင်ယူလေ့လာနိုင်သည့် ဌာနကြီးဖြစ် သည်ဟု ရည်ညွှန်းထားသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။
Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွဲ့စည်း တည် ထောင်ထားခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ မဟာဌာနကြီးများ ဖွဲ့စည်းထားရှိသည့်အတိုင်း ယခုတက္ကသိုလ်တွင်လည်း မဟာဌာန ကြီးများ ဖွဲ့စည်းကျင့်သုံးထားသည်ကို တွေ့ရပါကြောင်း၊ မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာ မဟာ ဌာနများ ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ အပြင် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ် ကျွမ်းကျင်သူ ပညာရှင်ကြီးများကိုပါ စုစည်းပြီး တက္ကသိုလ်ကြီးတွင် အားဖြည့်သင်ကြား လေ့ကျင့်ပေးကြမည်ဖြစ်သဖြင့် များစွာအားရကျေနပ်မိပါကြောင်း။
Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဘွဲ့လွန် တန်းများဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်လည်း အားတက် စရာဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် ယခုဖွင့်လှစ်သည့် Naypyitaw State Academy ကို ထည့်သွင်းရေတွက်မည်ဆိုပါက ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြား လျက်ရှိ သည်ကို ပြောကြားလိုကြောင်း၊ နေပြည်တော်တွင်လည်း Naypyitaw State Academy၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေး တက္ကသိုလ်တို့ရှိပြီး မကြခင်အချိန်တွင်လည်း နည်းပညာတက္ကသိုလ်အဆင့်တိုးမြှင့်မည့် တက္ကသိုလ်တစ်ခုပေါ်ထွက်လာမည်ဖြစ်၍ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေပြီဖြစ် ပါကြောင်း။ Naypyitaw State Academy ကို အရည်အသွေးမြင့်သည့် သင်ကြား သင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲ ခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းကာ စာသင်ကောင်းပြီး အမှန်တကယ်တော်သည့် ဆရာများက သင်ကြား ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခု ဖြစ်အောင် ဖွင့်လှစ်တည်ထောင် မြှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကိုလည်း ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှု မြင့်မားသည့် အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသော ဘွဲ့ရပညာတတ်၊ ပညာ ရှင်ကြီးများ ဖြစ်အောင် သင်ကြားလေ့ကျင့်မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ အရည်အတွက် ထက် အရည်အသွေးကို ဦးစားပေးသွားရမည်ဖြစ်ပြီး နောင်တွင်အရည်အသွေးမြင့်မား သည့် ပညာရှင်များ အရေအတွက်များများမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
တစ်ဆက်တည်းပြောကြားလိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီမှ အနည်းဆုံးတက္ကသိုလ်တစ်ခုတွင် ပါရဂူဘွဲ့ချီးမြှင့်သည့် သင်တန်းတစ်ခု အနည်းဆုံး ဖွင့်လှစ်ရန်နှင့် ယင်းပါရဂူဘွဲ့သင်တန်းဖွင့်လှစ်သည့် တက္ကသိုလ်တစ်ခုစီကိုလည်း တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ် ပါ ကြောင်း။
အဆိုပါ ပါရဂူတန်း ဖွင့်လှစ်သည့် တက္ကသိုလ်ကြီးများသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဖြစ်လာစေရေး ကြိုးပမ်းသွားကြရန်နှင့် လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း က အရှေ့တောင်အာရှတွင် ဂုဏ်သတင်းကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်အဆင့်အတန်းအထိ မြင့်မားတိုးတက်အောင် ကြိုးစားအားထုတ်ကြရန် တာဝန်ရှိသူအဆင့်ဆင့်နှင့် ဆရာ၊ ဆရာမများ အားလုံးကို တိုက်တွန်း ပြောကြားလို ပါကြောင်း။
နိုင်ငံသားတိုင်း လူတန်းစေ့နေထိုင်ရှင်သန်နိုင်ရန်အတွက် အနည်းဆုံး အတတ် ပညာတစ်ခုခုကို တတ်ထားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့အတွက် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင် ရေးအတွက် လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ တွင် အထက်တန်းကျောင်း တစ်ကျောင်းစီကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုနည်းပညာပညာရပ်များကို တွဲဖက် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ အလားတူ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန်ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားသည့်ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ်မှတ်အရည်အချင်းပြည့်မီပါက သက်ဆိုင်ရာ တက္ကသိုလ်များ၌ အဆင့်မြင့်ပညာရပ်များကို ဆက်လက် လေ့လာဆည်းပူးနိုင်မည် ဖြစ်ပါကြောင်း။
“ ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများဖြင့်အစပြု ”ဆိုသည့် ဆောင်ပုဒ် အတိုင်း ပညာရှင်ဆရာ၊ ဆရာမများက ပညာရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှသာ သင်ယူသူ ကျောင်းသား၊ ကျောင်းသူများကလည်း ပညာရေး တိုးတက်မည် ဖြစ်ပါကြောင်း၊ “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသည့် မြန်မာ့ ဆိုရိုးအတိုင်း အရည်အချင်းပြည့်ဝပြီး ဘက်စုံထူးချွန်သည့် ဆရာကျင့်ဝတ်နှင့် ညီညွတ် သော ဆရာ၊ ဆရာမများနှင့်သာ မိမိတို့တပည့်များကို လူတော်လူကောင်း ဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်အောင် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
နေပြည်တော်၌ Naypyitaw State Academy ဖွင့်လှစ်ပြီးအဆင့်မြင့်ပညာရေး အတွက် အားဖြည့်ပေးသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ၊ ကျောင်းများတွင် လည်း ပညာအဆင့်မြင့်သည်ထက် မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ပြီး မြန်မာ့ ပညာရေးကို မြှင့်တင်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှ ဖွင့်လှစ်ပေးသည့် Naypyitaw State Academy တွင် အဆင့်အတန်း မြင့်မားသည့် ပညာရပ်များကိုသင်ယူပြီး မိမိအကျိုး၊ မိမိ ပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားကြရန်၊ ယခုတက္ကသိုလ် ကြီးက ပညာရှင်ပညာတတ်များ စဉ်ဆက်မပြတ်မွေးထုတ်ပြီး အနာဂတ်ခေါင်းဆောင် များ၊ နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံ အကျိုးပြု သင်ကြားလေ့ကျင့်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ Naypyitaw State Academy ကြီး အဆင့်မြင့်သည်ထက်မြင့်၊ ကောင်းသည်ထက်ကောင်းပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီး တစ်ခုအဖြစ် တက်လှမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် မိတ္ထီလာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ထိပ်တန်း တက္ကသိုလ်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်အခမ်းအနား တက်ရောက်လာကြ သူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Naypyitaw State Academy အတွင်း ရှိ လက်တွေ့ခန်း၊ စာသင်ခန်းများ၊ စာကြည့်တိုက်တို့အားလှည့်လည်ကြည့်ရှုကြပြီး Naypyitaw State Academy ပုံစံ ငယ်အားကြည့်ရှုခဲ့ကြသည်။


အဆိုပါ Naypyitaw State Academy ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း များ အတွက်လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ် တွင် ယခုနှစ်ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေး ခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲ ခန်းများနှင့် စာကြည့်တိုက်တို့ကိုပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက် ထားရှိကြောင်း၊ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့်လည်း အဆင့်မြင့် ပညာများကိုသင်ကြား နိုင်မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။